ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေ တိုးလုပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ်ဖိအားပေးတာတိုးလုပ်ရေး နီးနီးကပ်ကပ်လက်တွဲလုပ်ဆောင်သွားဖို့ သဘောတူညီလိုက်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာကျင်းပတဲ့ ၂၀ ထိပ်သီးဆွေး နွေးပွဲအတွင်း စနေနေ့မှာ သီးခြားစီတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အခုတစ်ကြိမ်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေ မျက်နှာချင်း ဆိုင်တွေ့ဆုံမှု တတိယအကြိမ်လည်းဖြစ်ပါတယ်။ သမ္မတ ထရမ့်ကတော့ မြောက်ကိုရီးယားနိုင်ငံဟာ ပြဿနာဖန်တီး နေတယ်လို့ပြောဆိုပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားအရေးကို ဂျပန်ဝန်ကြီးချုပ် အာဘဲနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့လည်း သမ္မတ ထရမ့်က ဆိုပါတယ်။ 

ဝန်ကြီးချုပ် အာဘဲကတော့ မြောက်ကိုရီးယားနိုင်ငံအပေါ် ဖိအားပေးဖို့ လိုအပ်သလို မြောက်ကိုရီးယားရဲ့ ရပ်တည်မှုကို ဆန့်ကျင်တဲ့အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ထားနိုင်တာကိုလည်း ထူးခြားချက်ဖြစ်တယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်အချင်းချင်း ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့၊ မဟာမိတ်နိုင်ငံတွေအဖြစ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ ၀န်ကြီးချုပ် အာဘဲနဲ့ သမ္မတ ထရမ့်တို့က သဘောတူညီ ထားပါတယ်။ သမ္မတ ထရမ့်ကတော့ အမေရိကန် ဒုတိယသမ္မတနဲ့ ဂျပန်ဒုတိယ၀န်ကြီးချုပ်တို့ကြား ဂျပန်-အမေရိကန်စီးပွားရေး ဆိုင်ရာဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေးကိုလည်း လိုလားတယ်လို့ ၀န်ကြီးချုပ်အာဘဲကို ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

 

Related News