အီရတ်လုံခြုံရေးတပ်တွေဟာ အိုင်အက်စ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုဆူးမြို့ကို နာရီပိုင်းအတွင်း ထိန်းချုပ်နိုင်တော့မယ်လို့ ရုပ်သံသတင်းတွေမှာဖော်ပြနေပါတယ်။ မြို့တွင်းက အိုင်အက်စ်အဖွဲ့ရဲ့ကာကွယ်ရေးတွေပျက်ပြားကုန်တာကြောင့် အစိုးရတပ်တွေက မြို့ကို ပြန်သိမ်းနိုင်တဲ့ အခြေအနေရှိနေတယ်တာပါ။ အီရတ်တပ်ဖွဲ့တွေဟာ အိုင်အက်စ်အဖွဲ့ရဲ့ မြို့တွင်းကနောက်ဆုံး ခုခံနေတဲ့နေရာကို လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို လုပ်နေတယ်လို့ ရိုက်တာရုပ်သံမှာ သတင်းဖော်ပြနေပါတယ်။ တိဂရစ်မြစ်ပေါ်မှာရှိတဲ့မိုဆူးမြို့ကို ပြန်သိမ်းနိုင်ဖို့ နာရီပိုင်းပဲလိုတော့တယ်လို့ မြေပြင်မှာ သတင်းယူနေတဲ့ သတင်းထောက်ရဲ့ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာရုပ်သံသတင်း တင်ဆက်သူက ပြောကြားလိုက်တာပါ။ အိုင်အက်စ် အဖွဲ့ ရဲ့ခုခံနေတဲ့နေရာကျသွားပြီဖြစ်လို့ အိုင်အက်စ်အဖွဲ့ဟာလုံခြုံရေးတပ်ဖွဲ့တွေကို  လက်ဖြောင့် သေနတ်သမားတွေ၊ ဗုံးတွေ၊ အသေခံဗုံးခွဲသူတွေနဲ့ မီတာအနည်းငယ်အကွာကနေ တိုက်ခိုက် နေတယ်လို့ အီရတ်စစ်တပ်ပြောခွင့်ရသူတစ်ဦးက ပြောထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အိုင်အက်စ်နှိမ်နင်းရေးနိုင်ငံတကာညွန့်ပေါင်းအဖွဲ့ ဟာ မိုဆူးမြို့အနောက်ပိုင်း ကို ရှစ်လကြာထိုးစစ်ဆင်နေတဲ့ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေကို ဝေဟင်ကရော မြေပြင်ကပါ ကူတိုက်ပေးနေတာဖြစ်ပါတယ်။ အိုင်အက်စ်အဖွဲ့ဟာ မိုဆူးမြို့ကိုအီရတ်မှာရှိတဲ့ အိုင်အက်စ် နိုင်ငံတော်ရဲ့ မြို့တော်ဖြစ်တယ်လို့ တဖက်သတ်ကြေညာထားတာဖြစ်ပါတယ်။

 

Related News