တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ စနေနေ့တုန်းက တွေ့ဆုံခဲ့ကြပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုအရေးနဲ့ နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စရပ် တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ သမ္မတထရမ့်ဟာ တရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကို ရွေးကောက်ပွဲကာလမှာ ဝေဖန်ခဲ့ဖူးသူဖြစ်ပေမဲ့ သမ္မတ တာဝန်ထမ်းဆောင် ချိန်ကစလို့ မြောက်ကိုရီးယားနျူကလီးယားအရေးကို တရုတ်နိုင်ငံနဲ့အတူလက်တွဲ လုပ်ဆောင်လို တယ်လို့ ပြောထားခဲ့သူဖြစ်ပါတယ်။

စနေနေ့တုန်းက တွေ့ဆုံပွဲမှာတော့ သမ္မတရှီနဲ့မိတ်ဆွေဖြစ်ရတာကို ဂုဏ်ယူတယ်လို့ သမ္မတ ထရမ့်ကပြောကြားခဲ့သလို မြောက်ကိုရီးယားအရေးမှာ တရုတ်နိုင်ငံရဲ့လုပ်ဆောင် ချက်တွေကိုလည်း ချီးကျူးစကားပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအရေးဟာ အချိန်ယူဖြေရှင်းရမယ့်ကိစ္စဖြစ်တယ် လို့ သမ္မတထရမ့်က သမ္မတ ရှီနဲ့တွေ့ဆုံချိန်မှာပြောဆိုထားပါတယ်။ သမ္မတ ရှီကတော့ ကမ္ဘာ့ပဋိက္ခတွေအတွင်း တရုတ်-အမေရိကန်ဆက်ဆံရေးဟာ တည်ငြိမ်အေးချမ်းမှုဦးတည်တဲ့ အပြုသဘောဆောင်ဆက်ဆံရေးရှိ ထားတယ်လို့ပြောဆိုထားပါတယ်။

ဒါ့ပြင် နှစ်နိုင်ငံဆက်ဆံရေးဟာ အမှားမခံတဲ့ကိစ်္စရပ်တွေက လွဲလို့ နယ်ပယ်တော်တော်များများမှာ တိုးတက်မှုအသစ်တွေရှိထားတယ် လို့လည်း သမ္မတရှီက သမ္မတထရမ့်နဲ့တွေ့ဆုံချိန်မှာပြောဆိုထားပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားနဲ့ဆွေးနွေးပြောဆိုတာတွေ ပြုလုပ်ဖို့အရေးကြီးတယ်လို့ သမ္မတ ရှီက ပြောဆိုထားသလို တရုတ်နိုင်ငံဟာ လာမယ့်နှစ်မှာ ပြုလုပ်မယ့် အမေရိကန်ဦးဆောင်တဲ့ ပစိဖိတ်သမုဒ္ဒရာတစ်ဝှမ်းနိုင်ငံများ စစ်ရေးလေ့ကျင့်မှုမှာလည်း ပါဝင်မယ်လို့ပြောဆိုထားပါတယ်။ 

 

 

Related News