အစ္စလာမ္မစ်စစ်သွေးကြွတွေ ခြေကုတ်ယူထားတဲ့ မိုဆူးနဲ့ရက္ကာမြို့တွေကို အီရတ်အစိုးရတပ်တွေက ပြန်လည်သိမ်းယူထားနိုင်ပြီဖြစ် လို့ အဲဒီက အစွန်းရောက်တိုက်ခိုက်ရေးသမားတွေ နိုင်ငံအတွင်း ၀င်ရောက်လာနိုင်တာကို မလေးရှားနိုင်ငံ အမြင့်ဆုံးသတိရှိနေပါ တယ်။ အရှေ့အလယ်ပိုင်းကနေ ထွက်ပြေးလာတဲ့အိုင်အက်စ်အဖွဲ့ တိုက်ခိုက်ရေးသမားတွေဟာ အရှေ့တောင်အာရှမှာ အခြေစိုက်ဖို့ စီစဉ်နေတယ်ဆိုတာကို ထောက်လှမ်းရေးအချက်အလက်တွေကတစ်ဆင့်သိထားတယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီး ဟစ်ရှမာမူဒင် ဟူစိန်က ပြောပါတယ်။

အိုင်အက်စ်ဟာ မလေးရှားအစိုးရအတွက် နံပါတ်တစ်နှိမ်နင်းမယ့်ရန်သူလည်းဖြစ်တယ်လို့ ၀န်ကြီးက ကွာလာလမ်ပူမှာ ပြုလုပ်တဲ့ အာဏာရပါတီ UMNO ရဲ့ ခရိုင်အဆင့် အစည်းအဝေးပွဲတစ်ခုမှာ ပြောဆိုလိုက်တာပါ။ မိုဆူး၊ ရက္ကာနဲ့ အလက်ပိုမြို့တွေကနေ အိုင်အက်စ်တွေကို တိုက်ထုတ် လိုက်နိုင်တာဟာ စစ်သွေးကြွတွေကို အရှေ့အလယ်ပိုင်းကနေ ထွက်ပြေးစေတဲ့ အခြေအနေ ဖြစ်တာကြောင့် မလေးရှားအန္တရာယ်ဟာ စစ်သွေးကြွအန္တရာယ်ကို သတိရှိမှု အမြင့်ဆုံးရှိ နေတယ်လို့လည်း ၀န်ကြီးကပြောပါတယ်။

လက်ရှိမှာ တိုက်ထုတ်ခံလိုက်ရတဲ့စစ်သွေးကြွတွေ ဘယ်လိုဦးတည်နေလဲ ဆိုတာဟာ မေးခွန်းထုတ်စရာဖြစ်လို့ ဒီအခြေအနေကို စောင့်ကြည့်ဖို့ လိုတယ်လို့လည်း ၀န်ကြီးကပြောပါတယ်။ ရှုံးနိမ့်သွားတဲ့ စစ်သွေးကြွတွေ ဘယ်အခြေအနေ ရောက်နေတယ်ဆိုတာနဲ့ ဘယ်မှာပုန်းခိုနေတယ်ဆိုတာ သိနိုင်မယ့် နောက်ဆုံးရထောက်လှမ်း ရေးသတင်းအချက်အလက်တွေကို သိနိုင်ဖို့ လာမယ့်သတင်းပတ်မှာ ဆော်ဒီအာရေးဗျ၊ ယူအေအီးနဲ့ ဘာရိန်းနိုင်ငံတွေကို သွားရောက်ဖို့ရှိနေတယ်လို့လည်း ၀န်ကြီးကပြောပါတယ်။ ဒီအတောအတွင်းမှာပဲ မလေးရှားနိုင်ငံဟာ နိုင်ငံ့ဝင်ပေါက်တွေအားလုံးမှာ နယ်စပ်လုံခြုံရေးမြှင့်တင်ထားပါတယ်။ 

 

Related News