အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏သားကြီးဖြစ်သူ ထရမ့်ဂျူနီယာဟာ  ဒီမိုကရက် တစ်ပါတီ၏ သမ္မတလောင်းဖြစ်ခဲ့တဲ့ “ဟီလာရီကလင်တန်”ကို နိုင်ကွက်ရစေမဲ့ သတင်းအချက် အလက်ရှိတယ်ဆိုတဲ့ ရုရှားအစိုးရရှေ့နေတစ်ဦးနဲ့တွေ့ဆုံဖို့ စိတ်အားထက်သန်နေခဲ့တယ်လို့  ဇူလိုင်လ ၁၂ ရက်မှာ ထွက်ပေါ်လာတဲ့ အီးမေးတွေက ပြသနေပါတယ်။ အီးမေးလ်တွေထဲမှာ ထရမ့်ဂျူနီယာဟာ  ရုရှားအစိုးရရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မစ္စတာထရမ့်ကို ရုရှားအစိုးရက ထောက်ခံမှုဖြစ်တယ်လို့ မိမိကိုယ်ကိုယ် မိမိပြောဆိုထားတဲ့ ရုရှားရှေ့နေ“နာတာလီယာ ဗက်တယ်နစ်ဆာယာ”နဲ့တွေ့ဆုံဖို့ စိတ်အားထက်သန်နေခဲ့တယ်ဆိုတာကို ပြသနေပါတယ်။
 
မစ္စတာထရမ့်ရဲ့ရွေးကောက်ပွဲမဲဆွယ်အရာရှိတွေက ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ  ပြိုင်ဘက် သမ္မတလောင်း “ဟီလာရီကလင်တန်”ကို အနိုင်ယူနိုင်ဖို့ ရုရှားရဲ့အကူအညီကို ရယူခဲ့တယ်ဆိုတဲ့ ဆက်နွယ်မှုကို  အခုအီးမေးတွေက ပြသနေပါတယ်။ ရုရှားအစိုးရရှေ့နေလို့ဆိုတဲ့ “နာတာလီယာ ဗက်တယ်နစ်ဆာယာ”နဲ့ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၉ ရက်တွင်ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲ ကို လက်ရှိမှာ သမ္မတထရမ့်ရဲ့အကြီးတန်း အကြံပေးတာဝန်ယူထားတဲ့ သမ္မတထရမ့်ရဲ့ သားမက်ဖြစ်သူ “ဂျဲရက် ခက်ရှ်နာ”နဲ့ အဲဒီအချိန်တုန်းက မစ္စတာထရမ့်ရဲ့ ရွေးကောက်ပွဲမဲဆွယ် မန်နေဂျာ “ပေါလ်မာနာဖော့ဒ်”တို့လည်း တက်ရောက်ခဲ့တယ်လို့  ထရမ့်ဂျူနီယာက ဖောက်စ် သတင်းဌာနကို ပြောပါတယ်။
 
“နာတာလီယာ”နဲ့တွေ့ဆုံပွဲမှာ “ဟီလာရီ ကလင်တန်”အကြောင်း မဆွေးနွေးခဲ့ဘဲ ရုရှားနိုင်ငံအပေါ် အမေရိကန်ဘက်က ပိတ်ဆို့မှုတွေ အကြောင်းသာဆွေးနွေးခဲ့တယ်လို့ ထရမ့် ဂျူနီယာက ပြောထားပါတယ်။ 
 
 
 

Related News