ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂၀၁၆ ခုနှစ်အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီဘက်က သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဟီလာရီကလင်တန် သမ္မတဖြစ်လာတာကို သဘောကျမယ်လို့ ယုံကြည်ကြောင်း လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။ ရုရှားဟာ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲကာလအတွင်း မစ္စတာထရမ့် အနိုင်ရရှိအောင် ကူညီခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာ CBN  ရုပ်သံနဲ့ပြုလုပ်တဲ့တွေ့ဆုံမေးမြန်းမှုမှာ သမ္မတ ထရမ့်က အခုလို ပြောလိုက်တာပါ။
 
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ သမ္မတ ပူတင်နဲ့တွေ့ဆုံချိန်တုန်းက ရင်းနှီးတဲ့ဆက် ဆံရေးရှိခဲ့ပေမဲ့ သူဟာ သမ္မတ ပူတင်နဲ့ဆန့်ကျင်ဘက်အရာတွေကို ပြုလုပ်နေသူဖြစ်တယ်လို့လည်း သမ္မတ ထရမ့်က ပြောပါ တယ်။ သမ္မတ ထရမ့်က သူဟာ အမေရိကန်စစ်တပ်ကို ခိုင်မာအောင်လုပ်နေချိန်မှာ ဟီလာရီကလင်တန်သာ သမ္မတရာထူး ရယူ ထားရင် အခုလိုလုပ်ဆောင်မှာမဟုတ်လို့ ဒီအချက်ဟာ သမ္မတ ပူတင်အနေနဲ့ ဟီလာရီ သမ္မတဖြစ်လာတာကို သဘောကျမယ့် အခြေအနေရှိတယ်လို့လည်း ပြောပါတယ်။
 
တစ်ဖက်မှာလည်း သမ္မတထရမ့်ရဲ့သားကြီးဖြစ်သူ ထရမ့် ဂျူနီယာဟာ ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်ခဲ့သူ ဟီလာရီကလင်တန်ကို နိုင်ကွက်ရစေမယ့် အချက်အလက်တွေရှိသူလို့ယူဆရတဲ့ ရုရှားအစိုးရရှေ့နေတစ်ဦးနဲ့တွေ့ဆုံတဲ့ အီးမေးလ်တွေထွက်ပေါ်နေပါတယ်။ ရုရှားအနေနဲ့ မစ္စတာ ထရမ့် ရွေးကောက်ပွဲမှာ အနိုင်ရအောင် ကူညီဖို့ကမ်းလှမ်းခဲ့တယ်ဆိုတဲ့သဘောသက်ရောက်တဲ့အကြောင်းအရာတွေလည်းပါဝင်နေပါတယ်။ သမ္မတ ထရမ့်ကတော့ ထရမ့်ဂျူနီယာရဲ့ အခုလို တွေ့ဆုံမှုမျိုးဟာ လူတိုင်းလုပ်တဲ့ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲလို့ ကာကွယ်ပြောဆိုထားပါတယ်။ 
 
 
 

Related News