ပြီးခဲ့တဲ့နှစ်တုန်းက ပြင်သစ်အမျိုးသားနေ့ကျင်းပနေတဲ့လူအုပ်ကြားထဲ လော်ရီကားနဲ့ ၀င်တိုက်မှုကြောင့်သေဆုံးခဲ့ရသူတွေအတွက် ၀မ်းနည်းခြင်းအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ နိစ်မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ပြင်သစ်သမ္မတ မက်ခရွန် ကိုယ်တိုင် ဦးဆောင်ကျင်းပခဲ့တာပါ။
 
နိစ်မြို့ကမ်းခြေမှာ အမျိုးသားနေ့အခမ်းအနားကျင်းပနေသူတွေ လူအုပ်ထဲကို တူနီးရှားနွယ်ဖွား အမျိုးသားတစ်ဦးက လော်ရီကားနဲ့ဝင်တိုက်ခဲ့မှုမှာ လူပေါင်း(၈၆)ဦးသေဆုံးခဲ့ပါတယ်။ နိစ်မြို့ တိုက်ခိုက်မှုနဲ့ ပြင်သစ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့အခြားတိုက်ခိုက်မှုတွေဟာ သူတို့လက်ချက် ဖြစ်တယ်လို့ အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့ အိုင်အက်စ်က ပြောထားပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်ဟာ နိစ်မြို့တော်ဝန် ခရစ်ရှန် အက်(စ)ဆီနဲ့တွေ့ဆုံခဲ့ပြီး ၀မ်းနည်းခြင်းတစ်နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခဲ့တာပါ။
 
ဒီအခမ်းအနားကို ပြင်သစ်သမ္မတဟောင်းတွေဖြစ်တဲ့ ဖရန်ဆွာဟော်လန်နဲ့  နစ်ကိုးလက်စ် ဆာကိုဇီတို့လည်း တက်ရောက်ခဲ့ပါတယ်။ နိစ်မြို့တော်ဝန် ခရစ်ရှန်ဟာ လူအုပ်ကြားထဲဝင်တိုးနေတဲ့လော်ရီကားထဲဝင်ပြီး ကားရပ်အောင်ကြိုးပမ်းခဲ့သူ ဖရန့် တာရီယာကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပြင်သစ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေထဲကတစ်ခုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ ယခင်ထုတ်ပြန်ပြီးသား အရေးအခြေအနေကို ဆက်လက် ကြေညာခဲ့ရပါတယ်။ 
 
 

Related News