ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပနေတဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒမဲပေးပွဲအတွင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် အဲဒီဖြစ်ရပ်အတွင်း အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုဟာ မြို့တော် ကာရာကတ်စ်မှာရှိတဲ့ အစိုရလိုလားသူတွေ အများဆုံးနေထိုင်ရာ ကာတီယာအရပ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မော်တော်ဆိုင်ကယ်စီးထားတဲ့ လူတွေက  မဲထည့်ဖို့ စောင့်နေတဲ့ လူတန်းကို ပစ်မှတ်ထားပစ်ခတ်ခဲ့တာပါ။ သေဆုံးခဲ့သူအမျိုးသမီးဟာ အသက် ၆၁ နှစ်အရွယ် ဆိုလီဒတ် အက်စ်ကော့ ဆိုသူ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်လိုတဲ့ သမ်္မတ မာဒူရိုကို ပိုပြီးဖိအားပေးဖို့ အခုပြည်သူ့ဆန်္ဒခံယူပွဲကို အတိုက်ခံတွေက ဦးဆောင်ပြု လုပ်ခဲ့တာပါ။ အတိုက်အခံပါတီတွေကတော့ ပစ်ခတ်မှုကို အစိုးရလိုလားတဲ့ပြည်သူ့စစ်တွေက ပြုလုပ်ခဲ့တာလို့ စွပ်စွဲပြောဆိုထားပြီး အစိုးရရှေ့နေတွေကလည်း ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောဆိုထားပါတယ်။ 
 
ဒီဆန္ဒခံယူပွဲကို စောင့်ကြည့်လေလာသူတွေကတော့ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ၁၉ သန်းထဲက ၇ သန်းကျော်မဲ ဆန္ဒမဲ ပေးထားတယ်လို့ပြောပါတယ်။ မဲဆန္ဒရှင်တွေဟာ သမ္မတမာဒူရိုအဆိုပြုထားတဲ့ လက်ရှိအမျိုးသားညီလာခံကို ဖျက်သိမ်းပြီး ဖွဲ့စည်းပုံရေးဆွဲမယ့် ညီလာခံခေါ်ယူရေးနဲ့ သမ္မတ မာဒူရို သက်တမ်းကုန်ဆုံးမယ့် ၂၀၁၉ ခုနှစ်မတိုင်ခင်မှာ ရွေးကောက်ပွဲတွေ ကျင်းပရေးတွေကို ထောက်ခံ၊ မခံ ဆန္ဒမဲထည့်ကြရတာဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာငွေကြေးဖောင်းပွမှုနောက်ဆက်တွဲ စီးပွားရေးအကြပ်အတည်းနဲ့ အစားအစာ ပြတ်တောက်မှုတွေကြောင့် နေ့စဉ်ဆန္ဒပြပွဲတွေဖြစ်ပွားနေပြီး ဧပြီလကတည်းကဆိုရင် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ 
 
 
 
 

Related News