မက္ကဆီကိုနိုင်ငံမှာ စက်တင်ဘာလ(၁၉)ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူဦးရေ (၁၄၀)ကျော်ရှိနေပြီး မြို့တော်မက္ကဆီကိုက ပြည်သူ(၂)သန်းကျော်ဟာ လျှပ်စစ်နဲ့တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်တဲ့ ဒဏ်ခံနေရပါတယ်။ စက်တင်ဘာလ(၁၉)ရက်က မက္ကဆီကိုနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား(၇)ဒဿမ(၁)မဂ္ဂနီကျူအဆင့်ရှိငလျင်ကြောင့် သေဆုံးသူ (၁၄၀)ကျော်ရှိခဲ့ပါတယ်။ငလျင်ဒဏ်ကြောင့် မြို့တော်မက္ကဆီကိုမြို့တော်က အဆောက်အဦးဒါဇင်ချီပြိုကျခဲ့ပြီး ကျောင်း(၁) ကျောင်းပြိုကျခဲ့တာကြောင့် ကလေးတွေလည်း သေဆုံးခဲ့ပါတယ်။မော်ရေးလို့စ်နဲ့ ပူဗလာပြည်နယ်တွေနဲ့ မက္ကဆီကိုပြည်နယ် တွေမှာ အပျက်အစီးတွေများတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ယခုလအစောပိုင်းတုန်းကလည်း မက္ကဆီကိုနိုင်ငံမှာ ပြင်းအား(၈)ဒဿမ(၁)မဂ်္ဂနီကျူအဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့လို့ သေဆုံးသူဦးရေ(၉၀)ကျော် ရှိခဲ့ပါတယ်။
 
ငလျင်ဗဟိုချက်ဟာ ပူဗလာပြည်နယ်က အာတန်ဇင်ဂိုမြို့နားမှာရှိခဲ့တာဖြစ်ပြီး မြေအောက်အနက်(၅၁)ကီလို မီတာအကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဘူမိဗေဒစာရင်းအင်းဌာနက ပြောပါတယ်။မက္ကဆီကိုမြို့တော်နေ ပြည်သူ(၂)သန်း ကျော်လောက်ဟာ လျှပ်စစ်ပြတ်တောက်နေပြီး တယ်လီဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။ အဓိကဓာတ်ငွေ့ ပိုက်လိုင်းတွေ ပေါက်ကွဲဖွယ်ရှိနေတဲ့အတွက်  ဒေသခံတွေကို လမ်းပေါ်မှာ ဆေးလိပ်မသောက်ကြဖို့ အာဏာပိုင်တွေက သတိပေးပြောဆိုထားပါတယ်။ငလျင်ဒဏ်သင့်ဒေသတွေဟာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်ရမယ့် ဒေသတွေအဖြစ် မက္ကဆီကိုသမ္မတ ပီနာနေးတိုက ကြေညာခဲ့ပြီး မက္ကဆီကိုစစ်တပ်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ 
 
 

Related News