၂၀၁၅ ခုနှစ်မှာ အီရန်၊ အမေရိကန်နဲ့ အီးယူစတဲ့ အင်အားကြီးနိုင်ငံတို့ကြားရရှိခဲ့တဲ့ အီရန်နျူကလီးယားဆိုင်ရာ သဘောတူညီ ချက်ကို အီရန်အစိုးရဘက်ကနေ ချိုးဖောက်မှုတွေရှိနေလို့ အမေရိကန်နိုင်ငံအနေနဲ့ အဲဒီသဘောတူညီချက်ကနေ အချိန်မရွေး နှုတ်ထွက်နိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။

သဘောတူညီချက်ရအပြီး မကြာခင်မှာ အီရန်နိုင်ငံအပေါ် ပြန်လည်ရုတ်သိမ်းခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်သွားဖို့ အမေရိကန်ကွန်ဂရက်စ် လွှတ်တော်အနေနဲ့ ရက်ပေါင်း ၆၀ အချိန်ရမယ်လို့လည်း သမ္မတထရမ့်ကပြောလိုက်ပါတယ်။ သတ်မှတ်အချိန်ကာလ အတွင်း မဖြစ်လာဘူးဆိုရင်တော့ သဘောတူညီချက်ထဲကနေ အမေရိကန် ထွက်မယ်လို့ သမ္မတက ပြောပါတယ်။ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီကတော့ သမ္မတထရမ့်ရဲ့ မိန့်ခွန်းဟာ အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေနဲ့ပြည့်နေပြီးတော့ နိုင်ငံပေါင်းစုံပါဝင်ထားတဲ့ သဘောတူညီချက်တစ်ခုကို တစ်နိုင်ငံ တည်းကနေ ပြန်ရုတ်သိမ်းတာမျိုးလုပ်လို့မရဘူးလို့ ပြန်လည်တုံ့ပြန်ပါတယ်။

EU နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ ဖက်ဒရီကာ မိုဂါရီနီကလည်း အလုပ်ဖြစ်မြောက်နေတဲ့သဘောတူညီချက်တစ်ခုကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သဘောတူညီချက်မှာပါဝင်လက်မှတ်ထိုးထားနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ဗြိတိန်နိုင်ငံတို့ကလည်း အဆိုပါ သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထားတာဟာသက်ဆိုင်ရာနိုင်ငံတွေရဲ့အကျိုးစီးပွားအတွက်ဖြစ်တယ်လို့ ကြေညာချက်တစ်ခုထုတ်ပြန်ပါတယ်။ အီရန်နဲ့ကမ္ဘာအင်အားကြီးနိုင်ငံတို့ကြား ၂၀၁၅ ခုနှစ်မှာရရှိခဲ့တဲ့ JCPOA သဘောတူညီချက်အရ အီရန်နိုင်ငံဟာ နိုင်ငံ့နျူကလီးယားပိုင်ဆိုင်မှုကို လျှော့ချရမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ ပိတ်ဆို့မှုတွေကနေ အတိုင်းအတာတစ်ခုအထိ ကင်းလွတ်မှုရရှိခဲ့ပါတယ်။

 

 

 

Related News