ဂျပန်အာဏာ ရညွှန့်ပေါင်းပါတီခေါင်းဆောင်နဲ့ တရုတ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံကို ဖိအားတွေ ထပ်ပေးသွားဖို့နဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဂျပန်အာဏာရညွှန့်ပေါင်းပါတီ ကိုမဲအီတိုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ နာဆူအို ယာမာဂူချီဟာ တရုတ်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားအရေးအပါအ၀င် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်နိုင်ငံ ပိုင်မီဒီယာက သတင်းဖော်ပြပါတယ်။ ယာမာဂူချီဟာ တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ကျင်းပတဲ့ နိုင်ငံရေးညီလာခံကို မတက်ရောက်ခင်မှာ တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်အရေးအပါအ၀င် ဒေသတွင်းကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ ပြောကြားတယ်လို့ NHK သတင်းဌာနက သတင်းဖော်ပြပါတယ်။ ယာမာဂူချီက သမ္မတရှီနဲ့ ဂျပန်နိုင်ငံမှာ တွေ့ဆုံဖို့ မျှော်လင့်နေတယ်လို့လည်း ပြောခဲ့ပါတယ်။
 
တရုတ်ဒုတိယ၀န်ကြီးချုပ် ၀မ်ယန်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဂျပန်နဲ့ တရုတ်နိုင်ငံတို့ပူးပေါင်းပြီး မြောက်ကိုရီးယားနိုင်ငံကို ဖိအားတွေ ထပ်ပေးသွားဖို့ ဆွေးနွေးခဲ့တယ်လို့ NHK က သတင်းဖော်ပြပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယာနိုင်ငံတို့ဟာ ရင်းနှီးတဲ့ဆက်ဆံရေးတွေ ရှိခဲ့ဖူးပေမဲ့ အခုတော့ မြောက်ကိုရီးယား နိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ သဘောထားက ပြောင်းလဲခဲ့ပြီဖြစ်တယ်လို့ တရုတ်ဒုတိယ၀န်ကြီးချုပ် ၀မ်ယန်က ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားစီမံကိန်းတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ဆန့်ကျင်နေပေမဲ့ ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကတော့ စကားဝိုင်းဆွေးနွေးမှုတွေကနေတစ်ဆင့် ဖြေရှင်းရမှာဖြစ်တယ်လို့ ၀မ်ယန်က ပြောခဲ့ပါတယ်။ 
 
 

Related News