ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဂျက်ဖရီ ဖဲ့လ်တ်မန်းဟာ မြောက်ကိုရီးယား နိုင်ငံကို ရောက်ရှိနေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြပါတယ်။ ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဂျက်ဖရီ ဖဲ့လ်တ်မန်းဟာ မြောက်ကိုရီးယားနိုင်ငံကို ဒီဇင်ဘာလ (၅)ရက်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ ဒီဇင်ဘာ(၆)ရက်မှာ ဖဲ့လ်တ်မန်းဟာ မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ပတ်မြောင်ဂွတ် နဲ့တွေ့ဆုံခဲ့တယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ သတင်းတွေဖော်ပြနေပါတယ်။ မြောက်ကိုရီးယားက နိုဝင်ဘာလ(၂၉)ရက်မှာ ဟွာဆောင်း(၁၅)ဒုံးကျည်ပစ်လွှတ်ခဲ့တာကြောင့် တင်းမာမှုတွေမြင့်တက်နေတဲ့အပြင် မြောက်ကိုရီးယား အပေါ် လက်ဦးမှုယူ တိုက်ခိုက်နိုင်ခြေတွေလည်း မြင့်တက်နေတာကြောင့် ဖဲ့လ်တ်မန်းဟာ မြောက်ကိုရီးယားအရေးမှာ ကြားဝင်စေ့စပ်သူအနေနဲ့ ဆောင်ရွက်မလားဆိုတာကိုလည်း နိုင်ငံတကာက စိတ်ဝင်စားနေကြပါတယ်။ အမေရိကန်ကတော့ ဖဲ့လ်တ်မန်းဟာ အမေရိကန်နိုင်ငံကို ကိုယ်စားမပြုတဲ့အပြင် အမေရိကန်အစိုးရအနေနဲ့ဖဲ့လ်တ်မန်းကနေတစ်ဆင့် မြောက်ကိုရီး ယားနိုင်ငံကို သတင်းစကားပါးလိုက်တာမျိုးမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူဟီသာ နော့တ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဖဲ့လ်တ်မန်းဟာ ဒီဇင်ဘာ(၈)ရက်အထိ မြောက်ကိုရီးယားနိုင်ငံမှာ ရှိနေဦးမှာဖြစ်ပေမဲ့ မြောက်ကိုရီး ယားနိုင်ငံ မြောက်ပိုင်းကအာလူးမှုန့်စက်ရုံတစ်ခုကို သွားရောက် ကြည့်ရှုစစ်ဆေးနေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့တော့ တွေ့ဆုံဖွယ်မရှိဘူးလို့ ကုလသံတမန်သတင်းရင်းမြစ်တွေရဲ့ပြောစကားတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြနေကြပါတယ်။
 
 

Related News