ဗြိတိန်နိုင်ငံမြို့တော်လန်ဒန်မှာ ပြုလုပ်မယ့် အမေရိကန်ဒေါ်လာသန်းချီတန်ဖိုးရှိ အမေရိကန် သံရုံးဖွင့်ပွဲ အခမ်းအနားကို တက်ရောက်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တွစ်တာမှာရေးခဲ့ပါတယ်။ အဲဒီသံရုံးအဆောက်အအုံဟာ အမေရိကန်သမ္မတဟောင်း အိုဘားမားအစိုးရရဲ့ လွဲမှားတဲ့သဘောတူညီမှုဖြစ်တယ်ဆိုပြီး သမ္မတထရမ့်ကပြောခဲ့ပါတယ်။ သမ္မတထရမ့် ရဲ့ခရီးစဉ်အတွင်း ဆန္ဒပြမှုတွေရှိလာနိုင်တယ်လို့ စိုးရိမ်မှုတွေထွက်ပေါ်နေစဉ်မှာပဲ သမ္မတထရမ့်က ခရီးစဉ်ကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ခရီးစဉ်အတွင်း ဆန္ဒပြမှုတွေ ပြုလုပ်မယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောနေပြီး သမ္မတထရမ့်ကို ဗြိတိန်လွှတ်တော်နဲ့ပတ်သက်ပြီး ရင်ဆိုင်ပြောဆိုခွင့်မပြုဖို့ ဗြိတိန်လွှတ်တော်ကိုယ်စားလှယ်တချို့ကပြောထားပါတယ်။ သမ္မတ ထရမ့်အုပ်ချုပ်ရေးအာဏာစတင်ယူခဲ့ချိန်မှာ နိုင်ငံကိုလာရောက်ဖို့ ပထမဆုံးဖိတ်ကြားခဲ့သူက ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ ဖြစ်ပါတယ်။ သံရုံးဖွင့်ပွဲအခမ်းအနားကို သမ္မတထရမ့် မတက်ရောက်ပေမဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်က်စ်တီလာဆန် တက်ရောက်ဖွယ် ရှိနေတယ်လို့ ယူရိုနယူးသတင်းဌာနက သတင်းဖော်ပြပါတယ်။ သံရုံးတရားဝင်ဖွင့်ပွဲကျင်းပမယ့်နေ့ကို ညှိနှိုင်းရဦးမှာဖြစ်တယ်လို့လည်းသတင်းမှာ ပါဝင်ပါတယ်။
 
 

Related News