အာဖရိကတိုက်ကနေပြောင်းရွှေ့လာသူတွေကိုဦးတည်ပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ယူဆရတဲ့သေနတ်သမားတစ်ဦးကို အီတလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီလ(၃)ရက်က အီတလီနိုင်ငံအလယ်ပိုင်း၊ မာဆီရာတာမြို့မှာဖြစ်ပွားခဲ့တဲ့တိုက် ခိုက်မှုကြောင့် အနည်းဆုံးလူ (၆)ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ လူကာ ထရိုင်နီအမည်ရှိ သံသယရှိသူကို ဖမ်းဆီးရမိချိန်မှာသူ့ရဲ့လည်ပင်းမှာ အီတလီအလံပတ်ထားတယ်လို့ အီတလီရဲတပ်ဖွဲ့ကပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ရွှေ့ပြောင်းလာသူကန့်ကွက်ရေး ဒေသဆိုင်ရာ ရွေးကောက်ပွဲမှာ ထရိုင်နီပါဝင်ခဲ့ပြီး ဖမ်းမိစဉ်မှာ ဖက်ဆစ်အလေးပြုတဲ့ပုံစံနဲ့ အလေးပြုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဖမ်းမိစဉ်မှာ ပြန်လည်ခုခံမှုတွေမလုပ်ခဲ့ဘဲ ထရိုင်နီရဲ့ကားထဲမှာ သေနတ်တစ်လက်ရှိနေပြီး သူ့ကိုစစ်ဆေးမေး မြန်းမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ အီတလီရဲတပ်ဖွဲ့ကပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားနေစဉ်မှာ ဒေသခံတွေအနေနဲ့ အိမ်ထဲမှာနေကြဖို့ မြို့တော်ဝန်ကသတိပေးထားပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့လည်းသိရပါတယ်။ ဒဏ်ရာရသူ(၁)ဦးဟာ စိုးရမ်ရတဲ့အခြေအနေရှိနေပါတယ်။ လာမယ့်မတ်လ(၄)ရက်မှာ အီတလီအထွေထွေရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ ရွှေ့ပြောင်းလာသူတွေအရေးနဲ့ပတ်သက်ပြီး မဲဆွယ်မှုတွေပြုလုပ် နေတုန်းမှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ 
 
 

Related News