ပြုံချမ်းဆောင်းရာသီအိုလံပစ်ဖွင့်ပွဲကိုမတက်ရောက်ခင် ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်ဒုတိယသမ္မတမိုက်ခ်ပန့်စ်ဟာ ဖေဖော်ဝါရီလ(၇)ရက်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ပါတယ်။ဂျပန်နိုင်ငံကို ဖေဖော်ဝါရီလ(၆)ရက်ညပိုင်းမှာရောက်ရှိခဲ့တဲ့ အမေရိကန်ဒုတိယသမ္မတမိုက်ခ်ပန့်စ်ဟာ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲနဲ့ ဖေဖော်ဝါရီလ(၇)ရက်က တိုကျိုမြို့မှာ တွေ့ဆုံခဲ့ပြီး ခေါင်းဆောင်(၂)ဦးတွေ့ဆုံစဉ်မှာ မြောက်ကိုရီးယားအရေး၊ အရှေ့ တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ NHK သတင်းဌာနက သတင်းဖော် ပြပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံရဲ့နျုကလီးယားနဲ့ဒုံးကျည်ဆိုင်ရာအစီအစဉ်တွေကို စွန့်လွှတ်ရေးအတွက် တောင်ကိုရီးယားနိုင် ငံနဲ့ပူးပေါင်းပြီး ဂျပန်နဲ့အမေရိကန်နိုင်ငံတို့ဟာ မြောက်ကိုရီးယားနိုင်ငံကိုဖိအားတွေထပ်ပေးသွားရာမှာ ပူးပေါင်းလုပ်ဆောင်သွား ရေး ထပ်မံအတည်ပြုနိုင်ဖို့မျှော်လင့်တယ်ဆိုပြီး ၀န်ကြီးချုပ်အာဘဲကပြောပါတယ်။ အာဘဲနဲ့မတွေ့ဆုံခင်မှာတော့ မိုက်လ်ပန့်စ်ဟာ ဂျပန်ကာကွယ်ရေးဝန်ကြီးအစ်ဆူနိုရီ အိုနိုဒဲရာနဲ့တွေ့ဆုံခဲ့ပြီး မြေပြင်အခြေစိုက်ဒုံးခွင်းဒုံးအားဖြည့်စနစ်(PAC3)ကို အိုနိုဒဲရာကပြ သခဲ့တယ်လို့ သိရပါတယ်။
 
ဖေဖော်ဝါရီလ(၉)ရက်မှာ ကျင်းပမယ့် ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲရဲ့ဖွင့်ပွဲအခမ်းအနားကို မိုက်ခ်ပန့်တက်ရောက်မှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံကို မသွားရောက်ခင်မှာ ဂျပန်နိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ်။ ပြုံချမ်း အိုလံပစ်ပြိုင်ပွဲမှာ ကိုရီးယား(၂)နိုင်ငံပူးပေါင်းပြိုင်ပွဲဝင်ဖို့ စီစဉ်ထားတာကြောင့် ကိုရီးယား(၂)နိုင်ငံဟာ ပြေငြိမ်းမှုကိုလိုလားတဲ့အရိပ်အယောင်တွေပြနေကြပါတယ်။
 
 
 
 

Related News