ပါလက်စတိုင်းဒေသအပါအ၀င် အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအတွက် အခုနှစ်လယ်မှာ ညီလာခံ(၁)ခု ကျင်းပဖို့အစီအစဉ်ကို ပါလက်စတိုင်းသမ္မတမာမွတ် အာဘတ်စ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်ပြခဲ့ပါတယ်။ဖေဖော်ဝါရီလ(၂၀)ရက်ကပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ပါလက်စတိုင်းတွေအရေးဖြေရှင်းနိုင်ဖို့ နိုင်ငံစုံဘက်စုံပါဝင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပေါ်လာရေးအစီအစဉ်(၁)ရပ်ကို ပါလက်စတိုင်းသမ္မတမာမွတ် အာဘတ်စ် ကတင်ပြခဲ့ ပါတယ်။
 
အခု(၂၀၁၈)နှစ်လယ်မှာ နိုင်ငံစုံပါဝင်တဲ့ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ဖို့နဲ့ အဲဒီညီလာခံရဲ့ အကျိုးဆက်အနေနဲ့ ပါလက်စတိုင်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်အသိအမှတ်ပြုပေးဖို့၊ ပါလက်စတိုင်းလူမျိုးတွေကို နိုင်ငံတကာရဲ့အကာအ ကွယ်တွေပေးသွားဖို့နဲ့ (၁၉၆၇)နယ်နိမိတ် သတ်မှတ်ချက်တွေအရ အစ္စရေးနဲ့ပါလက်စတိုင်းနိုင်ငံကြား နယ်မြေသတ်မှတ်နိုင်ဖို့တို့ ဖြစ်တယ်လို့ သမ္မတအာဘတ်စ်ကပြောခဲ့ပါတယ်။ (၂၀၁၇)ခုနှစ်၊ ဒီဇင်ဘာလမှာ ဂျေရုစလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန်နိုင်ငံက အသိအမှတ်ပြုလိုက်တာဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးမှာ ဦးဆောင်ပါဝင်နေတဲ့ အမေရိကန်ရဲ့ ကတိက၀တ်တွေကိုဖောက်ဖျက်လိုက်တာဖြစ်ပြီး နိုင်ငံတကာ ပဋိပက္ခ(၁)ခုကို နိုင်ငံ(၁)နိုင်ငံတည်းကဖြေရှင်းတာဟာ ဒီနေ့ခေတ် မှာမဖြစ်နိုင်တော့ဘူးလို့ သမ္မတအာဘတ်စ်ကပြောပါတယ်။
 
သမ္မတအာဘတ်စ်ဟာ ဆွေးနွေးဖို့ကောင်စီကိုရောက်လာတယ်လို့ ယူဆခဲ့ပေမဲ့ သူ့ရဲ့အစီအစဉ်တွေကိုတင်ပြပြီးနောက် အစည်းအဝေးခန်းကထွက်သွားတာကြောင့် ပါလက်စတိုင်းဘက်က ငြိမ်း ချမ်းရေးလိုလားကြောင်း ပြသလိုတာမဟုတ်ဘဲ သမ္မတအာဘတ်စ် ကိုယ်တိုင်က ပြဿနာ(၁)ရပ်ဖြစ်နေတယ်လို့ ကုလသမဂ္ဂဆိုင် ရာအစ္စရေးသံအမတ်ဒန်နီ ဒါနွန်က ပြောပါတယ်။ ပါလက်စတိုင်းခေါင်းဆောင်တွေဘက်က ကန့်ကွက်နေတာကိုသိပေမဲ့ အစ္စရေးနိုင်ငံ ဆိုင်ရာအမေရိကန်သံရုံးကို ဂျေရုစလင်မြို့ကိုပြောင်းရွှေ့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို အမေရိကန်အစိုးရ ဘက်က ပြန်ပြင် သွားမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ် နစ်ကီဟေလီက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်နေတဲ့ နိုင်ငံတိုင်းဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာပါဝင်ဖို့ တိုက်တွန်းလို တယ်ဆိုပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန် ထော်ညော် ဂူတားစ်က ပြောခဲ့ပါတယ်။ 
 
 
 

Related News