မလေးရှားအတိုက်အခံနိုင်ငံရေးသမားအန်န၀ါ အီဘရာဟင်ဟာ မေလ(၁၆)ရက်မှာ အကျဉ်းထောင်ကနေ ပြန်လွတ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့(၃)နှစ်က ၀န်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်ဦးဆောင်တဲ့မလေးရှားအစိုးရအဖွဲ့နဲ့ အန်န၀ါတို့ကြား အငြင်းပွားခဲ့ပြီးနောက် ဓမ္မတာနဲ့ဆန့်ကျင်တဲ့လိင်မှုရှိခဲ့တာနဲ့ ခြစားခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့အတွက် ထောင်ကျခဲ့တာပါ။ အခုလဒုတိယတစ်ပတ်က မလေးရှားရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်မဟာသီယာ မိုဟာမက်ရဲ့ ညွှန့်ပေါင်းပါတီအနိုင်ရခဲ့တာက မလေးရှားနိုင်ငံရဲ့အရုဏ် ဦးဖြစ်လာပြီလို့ အန်န၀ါကပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်မဟာသီယာက အန်န၀ါကို အပြစ်ကင်းလွတ်ခွင့်ပြုခဲ့တာပါ။ လာမယ့်(၂)နှစ် အတွင်း အန်န၀ါဝန်ကြီးချုပ်ဖြစ်လာစေဖို့ ရာထူးကနေ အနားယူသွားမယ်လို့ မဟာသီယာက ကတိပြုခဲ့ပါတယ်။ အန်န၀ါက မလေးရှား အတိုက်အခံပါတီရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို နှစ်ချီဦးဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့တစ်ပတ်မှာကျင်းပခဲ့တဲ့ မလေးရှားရွေး ကောက်ပွဲမှာ လွန်ခဲ့တဲ့နှစ်(၂၀)တုန်းက အန်န၀ါကို ထောင်ချခဲ့တဲ့ အသက်(၉၂) အရွယ်ရှိဝန်ကြီးချုပ်မဟာသီယာက အနိုင်ရခဲ့တာ ကြောင့် သူတို့(၂)ဦးက ရင်ကြားပြန်စေ့နိုင်ခဲ့ပါတယ်။ မဟာသီယာကိုခွင့်လွှတ်သလို သူဦးဆောင်နေတဲ့အစိုးရအဖွဲ့သစ်ကိုလည်း အပြည့်အ၀ထောက်ခံသွားမယ်လို့ အန်န၀ါကပြောခဲ့ပါတယ်။ အန်န၀ါထောင်ကလွတ်လာတာကိုစောင့်နေတဲ့ သူ့ကိုထောက်ခံသူ တွေက အန်န၀ါအသက်ရှည်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။ 

 

 

Related News