လာမယ့်လမှာကျင်းပဖို့ရှိနေတဲ့ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံအောင်မြင်ရေး အတွက် အားထုတ်သွားမယ်လို့ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးရုံးညွှန်ကြားရေးမှူးက ပြောပါတယ်။ လာမယ့်ဇွန်လ(၁၂)ရက်မှာကျင်းပဖို့ စီစဉ်ထားတဲ့ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံ အောင်မြင်ရေးအတွက် ဖန်တီးဖို့ တောင်ကိုရီးယားက ကတိပြုခဲ့ပါတယ်။ မေလ(၁၆)ရက်က တောင်ကိုရီးယားသမ္မတရုံးမှာ တောင်ကိုရီးယားအမျိုးသားလုံခြုံရေး ကောင်စီအစည်းအဝေး ကျင်းပခဲ့ပြီးနောက် တောင်ကိုရီးယားအမျိုးသားလုံခြုံရေးရုံးညွှန်ကြားရေးမှူးချောင်အွီယွန်းကပြောခဲ့တာပါ။

လတ်တလောပြုလုပ်နေတဲ့ အမေရိကန်-တောင်ကိုရီးယားပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယား(၂) နိုင်ငံကြားသဘောတူညီချက်တွေနဲ့ မကိုက်ညီတာကြောင့် (၂)နိုင်ငံထိပ်သီးအဆင့် ဆွေးနွေးမှုတွေကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းထားပြီး အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံကိုလည်း ပယ်ဖျက်သွားဖို့စီစဉ်နေတယ်လို့ မေလ(၁၅)ရက်မှာ မြောက်ကိုရီးယားဘက်က ပြောခဲ့ပါတယ်။ (၂)နိုင်ငံဆွေးနွေးမှုတွေကို ရက်စောပြီးကျင်းပနိုင်ဖို့ မြောက်ကိုရီးယားကိုတိုက်တွန်းရေးနဲ့ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံအောင်မြင်ရေးတို့အတွက် သဘောတူခဲ့တယ်လို့ ချောင်အွီယွန်းက ပြောပါတယ်။

အစည်းအဝေးကို တောင်ကိုရီးယားသမ္မတရုံးတာဝန်ရှိသူတွေနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အရာရှိကြီးတွေ တက်ရောက်ခဲ့ပြီး မြောက်ကိုရီးယားကိုဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့တယ်လို့ KBSသတင်းဌာနက သတင်းဖော်ပြပါတယ်။ လာမယ့်တစ်ပတ်မှာ တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်က အမေရိကန်နိုင်ငံကိုသွားရောက်ပြီး ပြီးခဲ့တဲ့လကကျင်းပနိုင်ခဲ့တဲ့ ကိုရီးယား (၂)နိုင်ငံထိပ်သီးညီလာခံနဲ့ပတ်သက်လို့ သမ္မတဒေါ်နယ်ထရမ့်ကို ရှင်းလင်းသွားမှာပါ။ ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ ကြားခြားနားချက်တွေကို တောင်ကိုရီးယားနိုင်ငံက ကူညီနိုင်ဖို့ အားထုတ်သွားမယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

 

 

Related News