(၂၀၂၀)နှစ်ကုန်မှာ မြောက်ကိုရီးယားရဲ့ အဓိကလက်နက်တွေဖျက်သိမ်းသွားဖို့ အမေရိကန်ဘက်ကမျှော်လင့်နေတယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ပြောပါတယ်။ ဇွန်လ(၁၂)ရက်က အမေရိကန် - မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးအပြီးမှာ ပွန်ပီယိုက တောင်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး တောင်ကိုရီးယား အစိုးရကို အစည်းအဝေးရလဒ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းစဉ်မှာ ပြောခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်လို့ လုပ်စရာတွေအများကြီး ကျန်နေသေးပြီး လာမယ့် (၂)နှစ်ခွဲအတွင်း အဓိကလက်နက်တွေ ဖျက်သိမ်းသွားဖို့ မျှော်လင့်တယ်ဆိုပြီး ပွန်ပီယိုက ပြောခဲ့ပါတယ်။ လက်နက်တွေ ဖျက်သိမ်းတာကို အစစ်ဆေးခံရမယ် ဆိုတာကိုတော့ မြောက်ကိုရီးယားဘက်က နားလည်လိမ့်လို့ ယုံကြည်တယ်ဆိုပြီး ပွန်ပီယိုကပြောပါ တယ်။ 

မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေ မရှိတော့တဲ့အတွက် လူတိုင်းက ပိုပြီးလုံခြုံသွားပြီလို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အစောပိုင်းမှာ ပြောထားပါတယ်။ ဇွန်လ(၁၂)ရက်က ထိပ်သီးအစည်းအဝေးမှာ ကိုရီးယားကျွန်းဆွယ်နျူ ကလီးယားကင်းစင်ရေးအတွက် နှစ်နိုင်ငံသဘောတူနိုင်ခဲ့ပေမဲ့ ဘယ်အချိန်မှာ ဖျက်သိမ်းမလဲဆိုတာနဲ့ ဘယ်လိုဖျက်သိမ်းမယ်ဆို တာတိတိကျကျ မပါဝင်တဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ထိပ်သီးအစည်းအဝေးဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အောင်ပွဲတစ်ခုဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာတွေမှာ သတင်းဖော်ပြပါတယ်။ 

 

 

Related News