ကားတစ်စီးကို ပြင်သစ်ရဲတပ်ဖွဲ့ဝင်(၂)ဦးက စစ်ဆေးနေချိန်မှာ ယာဉ်မောင်းဖြစ်သူက လှည့်ပြီးခုခံခဲ့တာကြောင့် ရဲသား(၁)ဦးက ပစ်ခဲ့ပြီးနောက် ရဲတွေနဲ့ အရပ်သားလူငယ်တွေအဓိကရုဏ်းဖြစ်ပွားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ၊ နောင့်တ်စ်မြို့မှာ ဇူလိုင်လ(၃)ရက်က အသက်(၂၂)နှစ်အရွယ်လူ(၁)ဦးကို ရဲတွေကစစ်ဆေးနေတုန်း ရဲတပ်ဖွဲ့ဝင် (၁)ဦးရဲ့ပစ်ခတ်မှုကြောင့် အဲဒီလူသေဆုံးခဲ့တဲ့အတွက် ရဲတွေနဲ့ လူငယ်တွေကြားအဓိကရုဏ်းဖြစ်ခဲ့ပါတယ်။ ဘဟေးရပ်ကွက်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လက်လုပ်မီးလောင်ဗုံးတွေကိုင်ထားတဲ့လူငယ်တွေ ထိပ်တိုက်တွေ့ခဲ့တာကြောင့် ကားတွေနဲ့ ဈေးဝယ်စင်တာ (၁)ခုမီးလောင်ခဲ့ပါတယ်။ ဘာကြောင့်ရဲတပ်ဖွဲ့ဝင်က ပစ်ခတ်ခဲ့သလဲဆိုတာကို စုံစမ်းနေတယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့ကပြောပါတယ်။

သေနတ်နဲ့အပစ်ခံရသူကို ဆေးရုံပို့ခဲ့ပေမဲ့ ဆေးရုံမှာသေဆုံးခဲ့ပြီး သူဘယ်သူဆိုတာကို မသိရသေးပါဘူး။ သူ့ကိုရဲစခန်းခေါ်သွားဖို့ ရဲတပ်ဖွဲ့ဝင်ကကြိုးပမ်းခဲ့ချိန်မှာ သူကပြန်ခုခံတာကြောင့် ရဲတပ်ဖွဲ့ဝင်(၁)ဦးကပစ်ခတ်ခဲ့တဲ့အတွက် ရပ်ကွက်(၂)ခုမှာအဓိကရုဏ်း တွေဖြစ်ပွားခဲ့တာပါ။ အပစ်ခံခဲ့ရသူဟာ အုပ်စုဖွဲ့လုယက်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိတာကြောင့် ၀ရမ်းထုတ်ခံထားရသူဖြစ် တယ်လို့ BMFTVကသတင်းဖော်ပြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဘဟေးရပ်ကွက်မှာ စစ်တပ်သုံးလက်နက်တွေပါဝင်တဲ့အခင်း ဖြစ်ပွားမှုတွေရှိခဲ့တာကြောင့် ရဲအင်အားတိုးချထားဖွယ်ရှိနေပါတယ်။

 

 

Related News