ကြိုတင်မကြေညာထားဘဲ အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်ကို စက်တင်ဘာလ(၇)ရက်မှာ သွားရောက်ခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်စ်က အာဖဂန်နစ္စတန်သမ္မတ အာရှရက်ဖ် ဂါနီနဲ့ ၀န်ကြီးချုပ် အဗ္ဗဒူလာ အဒူလာတို့လို အာဖဂန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ်မှာ အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမေရိကန်-တောင်အာရှမဟာဗျူဟာရဲ့ အကျိုးသက်ရောက်မှု၊ အာဖဂန်အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပြုပြင်ပြောင်းလဲမှုတွေ၊ လာမယ့်အာဖဂန်ရွေး ကောက်ပွဲအတွက် ပြင်ဆင်နေမှုတွေ၊ အကြမ်းဖက်မှုဖြေရှင်းရေးနဲ့ ပါကစ္စတန်နိုင်ငံနဲ့ဆွေးနွေးမှုတွေအကြောင်း ဆွေးနွေးခဲ့တယ် လို့ အာဖဂန်သမ္မတအိမ်တော်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့လက ကာတာနိုင်ငံမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနအရာရှိတွေနဲ့ တာလီဘန်အဖွဲ့ခေါင်းဆောင်တွေတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေထပ်လုပ်ဖို့ ဆွေးနွေးခဲ့ပြီးနောက်မှာ မက်တစ်စ်က အာဖ ဂန်နစ္စတန်ကိုရောက်ရှိခဲ့တာပါ။ ပြီးခဲ့တဲ့မတ်လကလည်း မက်တစ်စ်က ကဘူးလ်ကိုရောက်ရှိခဲ့ပါတယ်။

 

 

Related News