မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံးပြုလုပ်ထားတဲ့ ဒုံးပျံအင်ဂျင်စမ်းသပ်မှုဟာ သိသာတဲ့ တိုးတက်မှုဖြစ်တယ်လို့ တောင်ကိုရီး ယားဘက်က ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့တုန်းက ပြုလုပ်လိုက်တဲ့ ဒုံးပျံအင်ဂျင်စမ်းသပ်မှုဟာ ကမ္ဘာ့အဆင့်မီ ဂြိုဟ်တု လွှင့်တင်နိုင်စွမ်းရရှိအောင် အကူအညီဖြစ်စေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ပြောထားတာပါ။ အင်ဂျင်စမ်းသပ်မှုဟာ သိသာတဲ့တိုးတက်မှုဖြစ်ပေမဲ့ အင်ဂျင် ကန်အားနဲ့ အင်ဂျင်ကို ဘာအတွက် သုံးမယ်ဆိုတာကို သိနိုင်ဖို့ နောက်ထပ် ဆန်းစစ်မှုတွေလိုအပ်သေးတယ်လို့ တောင်ကိုရီးယားစစ်တပ် ပြောခွင့်ရသူ လီဂျင်ဝူးကပြောပါတယ်။

စမ်းသပ် လိုက်တဲ့အင်ဂျင်ဟာ အကူအင်ဂျင်လေးလုံးရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ်မယ့် ပင်မအင်ဂျင်အမျိုးအစားဖြစ်တယ်လို့ လီက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့အခုပြုလုပ်လိုက်တဲ့စမ်းသပ်မှု ဘယ်လောက်အထိ တိုးတက်မှုရှိလာတယ်ဆိုတာနဲ့ ဒီအင်ဂျင်ဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်မှာ တပ်ဆင်ဖို့ ရည်ရွယ်တာလားဆိုတာကိုတော့ လေ့လာဆန်းစစ်မှုတွေလုပ်နေတုန်းဖြစ်လို့ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားဖို့ လီက ငြင်းဆိုထားပါတယ်။  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကတော့ ဒီဒုံးပျံ အင်ဂျင်စမ်းသပ် မှုဟာ မြောက်ကိုရီးယားဒုံးပျံနည်းပညာနယ်ပယ်မှာ ဆန်းသစ်မှုတစ်ခု ဖြစ်တယ်လို့ပြောထားပါတယ်။