အီတလီလက်ရွေးစင်အသင်းမှာ အဓိကတိုက်စစ်မှူးအဖြစ်ရပ်တည်ခဲ့ပြီး ရိုးမားအသင်းရဲ့ ဂန္ထ၀င်ကစားသမားအဖြစ် လက်ရှိအချိန်ထိကစားနေတဲ့ တော့တီဟာ ယခုနှစ်ရာသီပြီးဆုံးပါက ကစားသမားဘ၀မှ အနားယူတော့မှာ ဖြစ်ပါတယ်။ရိုးမားလူငယ်အသင်းကို (၁၉၈၉) ခုနှစ်မှာရောက်ရှိခဲ့ပြီး (၁၉၉၂) ခုနှစ်မှာ ရိုးမားအသင်းကြီး အတွက် စတင်ပါဝင် ကစားခွင့်ရရှိခဲ့တဲ့ တော့တီဟာ ရိုးမားအသင်းရဲ့ သစ္စာတော်ခံကစားသမား တစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

တော့တီဟာ ရိုးမားအသင်းအတွက် (၁၉၉၂-၉၃) ဘောလုံးရာသီမှ ပါဝင်ကစားခဲ့ပြီး လက်ရှိအချိန်ထိ ပါဝင်ကစားနေတာကြောင့် အသင်းနဲ့အတူ နှစ်ပေါင်း (၂၅) နှစ်ကျော်ပါဝင်ကစားထားတာဖြစ်ပါတယ်။ တော့တီဟာ ရိုးမားအသင်းအတွက် စတင် ပါဝင်ခွင့်ရရှိခဲ့တဲ့ (၁၉၉၂-၉၃) ဘောလုံးရာသီမှာ (၂) ပွဲသာပွဲထွက်ခွင့်ရရှိခဲ့ပြီး၊ (၁၉၉၃-၉၄) ဘောလုံးရာသီမှာလည်း ပွဲစဉ် (၈) ပွဲသာပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ (၁၉၉၄-၉၅) ဘောလုံးရာသီမှာ တော့တီဟာ လိဂ်ပွဲ (၂၁) ပွဲ၊ ပြိုင်ပွဲစုံ (၂၅) ပွဲပါဝင်ကစားခွင့်ရရှိခဲ့ပြီး၊ အဆိုပါရာသီမှစတင်ကာ ရိုးမားအသင်းရဲ့ အဓိကကစားသမားအဖြစ်ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

တော့တီအနေနဲ့ သူ့ရဲ့ကစားသမားဘ၀ကို ရိုးမားအသင်းနဲ့ စတင်ကာ ကစားသမားဘ၀ နေ၀င်ချိန်ကိုလည်း ရိုးမားအသင်းမှာသာကုန်ဆုံးဖို့ဆန္ဒရှိနေတဲ့ ကစားသမားအဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။ ရိုးမားအသင်းမှာကစားခဲ့တဲ့ကာလတွေမှာ တော့တီကိုခေါ်ယူလိုခဲ့တဲ့ ကလပ်အသင်း တွေရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ပြောင်းရွှေ့ဖို့ဆန္ဒမရှိခဲ့ပဲ ရိုးမားအသင်းမှာသာ ကစား သမားဘ၀ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက်(၄၀)အရွယ်ရှိပြီဖြစ်တဲ့ တော့တီဟာ ရိုးမားအသင်းအတွက် စီးရီးအေပွဲစဉ် (၆၁၆) ပွဲ၊ သွင်းဂိုး (၂၅၀) သွင်းယူထားကာ၊ ပြိုင်ပွဲစုံပွဲစဉ် (၇၈၃) ပွဲကစား၊ သွင်းဂိုး (၃၀၇) ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ 

 

 

Related News