(၂၀၁၇)ခုနှစ် ၀င်ဘယ်ဒန်ချန်ပီယံရှစ် အမျိုးသားတစ်ဦးချင်းကွာတားဖိုင်နယ်ပွဲစဉ်တွေ မနေ့က ယှဉ်ပြိုင်ကစားရာမှာ နိုင်ခြေအဆင့်(၁) အန်ဒီမာရေးနဲ့ နိုင်ခြေအဆင့်(၂) ဂျိုကိုဗစ်တို့ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်ပါတယ်။ အိမ်ရှင်နိုင်ငံသား လက်ရှိချန်ပီယံ အန်ဒီမာရေးဟာ ပြိုင်ပွဲတလျှောက် အကောင်းဆုံး လက်စွမ်းရရှိခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာ အမေရိကန်နိုင်ငံသား ဆမ်ကွာရေးကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ဂျိုကိုဗစ်ကလည်း ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ သောမက်ဘာဒစ်နဲ့ ပွဲစဉ် ဒုတိယပွဲငယ်မှာ တံတောင်ဆစ်ဒဏ်ရာရရှိခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

(၂)ဦးစလုံးဟာ ယခုနှစ်မှာ ရလဒ်တွေဆိုးရွားနေပြီး အန်ဒီမာရေးဟာ သြစတြေးလျအိုးပင်းမှာ စတုတ္ထအဆင့်မှ ထွက်ခဲ့ရသလို ယခုနှစ်တွင်းယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ(၁၁)ခုမှာ ဒူဘိုင်းချန်ပီယံရှစ်မှာသာ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ကလည်း သြစတြေးလျအိုးပင်းမှာ ဒုတိယအဆင့်မှ ထွက်ခဲ့ရပြီး (၂၀၁၇)ခုနှစ် အတွင်း ပြိုင်ပွဲ(၂)ခုမှာသာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အခြားကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ နိုင်ခြေအဆင့်(၇) မာရင်ချီလစ်က နိုင်ခြေအဆင့်(၁၆) ဂီးလ်လက်မူလာကို ကျော်ဖြတ်ခဲ့သလို ရောဂျာဖက်ဒါးရား ကလည်း ရာအိုနစ်ကိုကျော်ဖြတ်ကာ ဆီးမီးဖိုင်နယ်တက်ရောက်ထားပါတယ်။

ဆီးမီးဖိုင်နယ်မှာ ဆမ်ကွာရေးက မာရင်ချီလစ်နဲ့ တွေ့ဆုံနေပြီး ရော်ဂျာဖက်ဒါးရားက သောမက်ဘာဒစ်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇူလှိုင်လ(၁၄)ရက် မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး 4TV မှာပါတဲ့ fox sports ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမှာဖြစ်ပါတယ်။

 

 

Related News