PSG အသင်း တိုက်စစ်မှူး နေမာဟာ မာဆေးအသင်းနဲ့ပွဲစဉ်အတွင်း ပြသခံခဲ့ရတဲ့ အနီကဒ်ပြစ်ဒဏ်ကြောင့် လက်ရှိ မှာ (၁) ပွဲသာပွဲပယ်ခံထားရပေမဲ့ လာမယ့်ပွဲစဉ်တွေမှာ နောက်တစ်ကြိမ် ပြစ်ဒဏ်ကျူးလွန်ခဲ့ပါက  (၂) ပွဲပယ်ပြစ်ဒဏ်ခံရမှာဖြစ်တယ်လို့သိရပါတယ်။  

နေမာဟာ မာဆေးအသင်းကို တစ်ဖက် (၂) ဂိုးစီသရေကျခဲ့တဲ့အဝေးကွင်းပွဲစဉ်အတွင်း ပွဲချိန် (၈၇) မိနစ်မှာ (၂) ၀ါ (၁) နီ နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ယခုအခါအဆိုပါ အနီကဒ် ပြစ်ဒဏ်ကြောင့် နေမာအနေနဲ့ (၁) ပွဲပယ်ပြစ်ဒဏ် ခံခဲ့ရပြီး၊ နိုက်စ်အသင်းနဲ့ကစားမည့် လီဂူးဝမ်းပွဲစဉ် (၁၁)ကို လွဲချော်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် နေမာအနေနဲ့ နောက်ထပ် ကစားမည့်ပွဲစဉ်တွေမှာ အနီကဒ်ထပ်မံပြသခံခဲ့ရမယ်ဆိုပါက သူ့အနေနဲ့ ပုံမှန်ပွဲပယ်ပြစ်ဒဏ်အပြင် နောက်ထပ်တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တယ်လို့လည်းသိရပါတယ်။ မာဆေးအသင်းနဲ့ ပွဲစဉ်မှာပြသခံခဲ့ရတဲ့ အနီကဒ်ပြစ်ဒဏ်ဟာ နေမာရဲ့ကစားသမားဘ၀တစ်လျှောက် (၈) ကြိမ်မြောက် ပြသခံခဲ့ရတဲ့အနီကဒ်ပြစ်ဒဏ် လည်းဖြစ်ပါတယ်။ ဒါ့အပြင်နေမာဟာ သူ့ရဲ့ကစားသမားဘ၀ တစ်လျှောက်မှာ အ၀ါကဒ် (၁၃၈) ကြိမ်အထိ ပြသ ခံခဲ့ရပြီး၊ PSG အသင်းအတွက် ကစားခဲ့တဲ့ပြိုင်ပွဲစုံ (၁၁) ပွဲမှာ (၄) ကြိမ်အထိအ၀ါကဒ်ပြသခံခဲ့ရပါတယ်။

နေမာ ဟာ PSG  အသင်းကို နွေရာသီဈေးကွက်အတွင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) နီးပါး နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး၊ PSG  အသင်းအတွက် ပြိုင်ပွဲစုံ (၁၁) ပွဲမှာ (၁၀) ဂိုးအထိ သွင်းယူပြီး၊ ဂိုးဖန်တီးမှု (၇) ကြိမ်ဖန်တီးပေးထားခဲ့သူဖြစ်ပါတယ်။ အဓိကကစားသမား တစ်ဦးဖြစ်တဲ့နေမာမပါဝင်တဲ့ PSG အသင်းက တော့ နိုက်စ်အသင်းနဲ့ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ တိုက်စစ်ကကာဗာနီနဲ့ ဘာပေတို့ကိုသာအားပြုကစားရတော့ မှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News