ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ကြံ့ခိုင်မှုအပြည့်အ၀မရရှိသေးပဲ ဒဏ်ရာပြဿနာ ကင်းရှင်းနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ယခုနှစ်(၂၀၁၇-၂၀၁၈) ဘောလုံးရာသီမှာ ရီးရဲလ် မက်ဒရစ်အသင်းအတွက် (၅)ပွဲသာပွဲထွက်ကစားနိုင်တာတွေ့ရပါတယ်။ လက်ရှိမှာလည်း ဂါရတ်ဘေးလ်အနေနဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေရင်း တံကောက်ကြော ဒဏ်ရာရရှိ သွားခဲ့ပါတယ်။
 
အဆိုပါဒဏ်ရာကြောင့် ဂါရတ်ဘေးလ်ဟာတစ်လခန့်အနားယူရမှာဖြစ်ပြီး လာလီဂါ ပွဲစဉ်တွေဖြစ်တဲ့ အက်သလက်တီကိုမက်ဒ ရစ်အသင်းနဲ့မက်ဒရစ်ဒါဘီပွဲစဉ်၊ မာလာဂါအသင်းနဲ့ ပွဲစဉ်၊ဘီဘာအိုအသင်းနဲ့ပွဲစဉ်တွေကို လွဲချော်မှာဖြစ်တဲ့အပြင် အေပိုးလ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ကိုလည်း လွဲချော်မှာဖြစ်ပါတယ်။ 
 
ဂါရတ်ဘေးလ်ဒဏ်ရာရရှိသွားခြင်း ဟာ ဘန်ဇီးမား၊ ဂါရတ်ဘေးလ်နဲ့ စီရော်နယ်ဒိုတို့ BBC တိုက်စစ်အတွဲ အသုံးပြုဖို့ရည်ရွယ်ထားတဲ့ နည်းပြဇီဒန်းအတွက်တော့ စိတ်ပျက်ဖွယ်ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ယခင်နှစ်
(၂၀၁၆-၂၀၁၇) ဘောလုံး ရာသီက စပိုတင်းလစ္စဘွန်းအသင်းနဲ့ ချန်ပီယံအုပ်စုပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီးနောက်ပိုင်း ကြံ့ခိုင်မှုပိုင်းမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိပဲ ယခုလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပါတယ်။ 
 
 

Related News