စပါးအသင်းဟာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရာသီအစပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရရှိခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲရရှိဖို့အတွက် ရုန်းကန်လာခဲ့ရပါတယ်။ 
စပါးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲမှာ (၁)ပွဲသာနိုင်ပွဲရရှိခဲ့ပြီး (၂)ပွဲသရေ၊(၂)ပွဲရှုံး ရလဒ်ရရှိခဲ့ပါတယ်။ စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို (၁)ဂိုး၊ဂိုးမရှိဖြင့်အနိုင်ရရှိပြီးနောက်ပိုင်း ပွဲစဉ်(၄)ပွဲမှာ နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
 
စပါး အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)မှာ အာဆင်နယ်အသင်းကို (၂)ဂိုး၊ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့သလို ပွဲစဉ်(၁၄)မှာ လည်းလက်စတာအသင်းကို (၂)ဂိုး၊(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ပွဲစဉ်(၁၃)မှာ ၀က်ဘရွန်းအသင်းကို အိမ်ကွင်းကို (၁)ဂိုးစီသရေသာကစားနိုင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ၀က်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာလည်း (၁)ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ စပါးအသင်းဟာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယား လိဂ်မှာ (၄)ပွဲအထိရှုံးပွဲကြုံတွေ့ခဲ့ရပြီး ချဲလ်ဆီး၊မန်ယူ၊ အာဆင်နယ်နဲ့ လက်စတာအသင်းတွေကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
 
ရာသီအစက အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ခဲ့တဲ့ စပါးအသင်းဟာ လက်ရှိအချိန်မှာတော့ ရှုံးပွဲတွေ၊သရေပွဲတွေ ဆက်တိုက်ကြုံတွေ့ ခဲ့တာကြောင့် အဆင့်(၆)နေရာအထိ ရောက်ရှိသွားခဲ့သလို အမှတ်ပေး ဇယားအဆင့်(၁)နေရာမှာရှိနေတဲ့ မန်စီးတီးအသင်းနဲ့လည်း ရမှတ်(၁၈)မှတ်အထိကွာဟသွားခဲ့ပါတယ်။ စပါးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၅)အပြီး (၇)ပွဲနိုင်၊(၄)ပွဲသရေ၊(၄)ပွဲရှုံးရမှတ်(၂၅)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာ ရပ်တည်နေပါတယ်။ စပါးအသင်းဟာ နောက်ပိုင်းပရီးမီးယား လိဂ်ပွဲစဉ်တွေမှာ သွင်းဂိုးလည်းလျော့နည်းလာခဲ့ပြီး ဂိုးတစ်ဂိုးရရှိဖို့အတော်လေး ရုန်းကန်နေရပါတယ်။ စပါးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲမှာ ရဂိုး(၄)ဂိုးသာရရှိခဲ့ပြီး ပေးဂိုးလည်း (၆)ဂိုးအထိရှိခဲ့တာဖြစ်ပါတယ်။
 
 
 

Related News