မန်ယူအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်အားလုံးကို ရာနှုန်းပြည့် နိုင်ပွဲရယူထားနိုင်ခဲ့ပါတယ်။မန်ယူအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ အိမ်ကွင်းပွဲစဉ် (၁၁) ပွဲအထိယှဉ်ပြိုင် ကစားထားပြီး၊အဆို ပါ (၁၁) ပွဲလုံးကို အနိုင်ရရှိခဲ့ပါတယ်။ယနေ့မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့  CSKA မော်စကိုအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်မှာလည်း (၂) ဂိုး (၁) ဂိုးနဲ့အနိုင်ယူပြီး ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ယခုပွဲစဉ်မှာ မန်ယူအသင်းအတွက်သွင်းဂိုးတွေကို ပွဲချိန် (၆၄) မိနစ်နဲ့ ပွဲချိန် (၆၆) မိနစ်တို့မှာ တိုက်စစ်မှုး လူကာကူနဲ့ရက်ရှ်ဖို့ဒ်တို့က အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
 
မန်ယူ အသင်းဟာ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲစဉ် (၇) ပွဲ၊ချန်ပီယံလိဂ်မှာ (၃) ပွဲနဲ့ လိဂ်ဖလားပြိုင်ပွဲမှာ (၁) ပွဲ၊ စုစုပေါင်း အိမ်ကွင်းပွဲစဉ် (၁၁) ပွဲတိတိအနိုင်ရရှိထားခဲ့ပြီး၊ဒီဇင်ဘာလ (၁၀) ရက်နေ့မှာကစားမည့်မန်စီးတီး အသင်းနဲ့ပွဲစဉ်မှာထပ်မံအနိုင်ရရှိခဲ့မယ်ဆိုရင် အိမ်ကွင်းနိုင်ပွဲ (၁၂) ပွဲအထိရှိလာမှာလည်းဖြစ်ပါတယ်။မန်ယူ အသင်းနဲ့မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် (၁၃) ပွဲဆက်အနိုင်ရရှိထားတဲ့ မန်စီးတီး အသင်းက (၁၄) ပွဲဆက်နိုင်ပွဲရရှိအောင် ကြိုးစားလာမှာဖြစ်သလို၊ အိမ်ကွင်းမှာ ရာနှုန်းပြည့်နိုင်ပွဲရယူ ထားတဲ့ မန်ယူအသင်းကလည်း စံချိန်ကောင်းတွေထပ်မံပိုင်ဆိုင်နိုင်အောင်ကြိုးစားလာမှာဖြစ်တာကြောင့် ယခင်နှစ်တွေ ကထက် ပိုမိုပြင်းထန်တဲ့ မန်ချက်စတာဒါဘီကိုမြင်တွေ့ရဖို့လည်းရှိနေတာဖြစ်ပါတယ်။
 
 
 
 

Related News