စပိန်ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ခြင်းမရှိဘဲ နောက်ဆုံး (၅)နှစ်အတွင်း ပထမဆုံးအကြိမ် အုပ်စုအဆင့်မှထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စု(ဃ)မှာ ရိုးမားအသင်း၊ ချယ်ဆီးအသင်း၊ ကွာရာဘတ်အသင်းတို့နဲ့ အုပ်စုတစ်ခုထဲကျရောက်ခဲ့ပြီး၊ အုပ်စုတတိယ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။
 
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၆)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာ ရရှိခဲ့ပြီး (၄)ပွဲသရေ(၁)ပွဲရှုံးရလဒ်နဲ့ ရမှတ်(၇)မှတ်သာ ရယူနိုင်ခဲ့တာ ကြောင့် အုပ်စုဒုတိယနေရာမှချယ်ဆီးအသင်းနဲ့ ရမှတ်(၄)မှတ်အထိကွာဟပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီမတိုင်ခင် ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့်ကို (၄)နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့  အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ယခုလိုအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ တာဟာ ဘောလုံးရာသီနောက်ဆုံး(၅)ရာသီအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
 
အက်သလက် တီကိုမက်ဒရစ်အသင်းဟာ နောက်ဆုံး(၅)နှစ်အတွင်းမှာ ချန်ပီယံ လိဂ်ဗိုလ်လုပွဲကို(၂) ကြိမ်တက် ရောက်နိုင်ခဲ့ပြီး၊ ဆီမီးဖိုင်နယ်တစ်ကြိမ်၊ ကွာတားဖိုင်နယ်တစ်ကြိမ် တက်ရောက်ထားနိုင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ နောက်ဆုံး(၄)နှစ်မှာ ဗိုလ်လုပွဲ (၂)ကြိမ်အထိတက်ရောက်နိုင်ခဲ့ပေမဲ့လည်း လာလီဂါပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံတိုင်း ပြိုင်ပွဲမှထွက်ခွာခဲ့ရတဲ့မှတ်တမ်းဆိုးတွေကိုလည်း ပိုင်ဆိုင်ထားခဲ့တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပေမဲ့လည်း အက်သလက်တီကိုမက်ဒရစ်အသင်းဟာ လာလီဂါမှာတော့ ရလဒ်ပိုင်းကောင်းမွန်နေပြီး အမှတ်ပေး ဇယားအဆင့် (၃)နေရာမှာရပ်တည်နေပါတယ်။
 
 
 

Related News