ယခုလက်ရှိဇန်န၀ါရီအပြောင်းအရွေ့မှာ ဗီလာရီးယဲမှ တရုတ်စူပါလိဂ်ကလပ် ဘေကျင်းဂူအန် ကို ပြောင်းရွေ့သွားခဲ့တဲ့ တိုက်စစ်မှူး ဘာကမ်ဘူကတော့ တန်ကြေးအမြင့်ဆုံးအာဖရိကကစားသမားအဖြစ်ရပ်တည်ခဲ့ပါတယ်။ ကွန်ဂိုနွယ်ဖွားတစ်ဦးဖြစ်တဲ့ ဘာကမ်ဘူဟာ ယခုနှစ်ရာသီ ဗီလာရီးယဲတိုက်စစ်မှာ ခြေစွမ်းပြနေသူဖြစ်ပြီး လိဂ်ပွဲ(၁၈)ပွဲပြီးချိန်မှာ (၁၂)ပွဲပါဝင်ကစား (၉)ဂိုးသွင်းယူထားသူဖြစ်ပါတယ်။ ဘာကမ်ဘူကတော့ လက်ရှိဇန်န၀ါရီ အပြောင်းအရွေ့မှာ  စပါး၊ နယူးကာဆယ်၊ ၀က်စ်ဘရွန်းနဲ့ ၀က်စ်ဟမ်းအသင်းတို့ကခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရသူဖြစ်ပေမယ့် လက်ရှိမှာတရုတ် စူပါလိဂ်ကလပ် ဘေကျင်းဂူအန်အသင်းထံကို မြင့်မားတဲ့ပြောင်းရွေ့ကြေး တစ်ရပ်နဲ့ ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။ ဘေကျင်းဂူအန်အသင်းဟာ ဘာကမ်ဘူအတွက် ဗီလာရီးယဲအသင်းထံကို ပြောင်းရွေ့ကြေးပေါင်(၆၅)သန်းထိပေးချေခဲ့ရပြီး ဘာကမ်ဘူဟာ အသင်းသစ်မှာတစ်ပတ်လုပ်ခ ပေါင်(၃)သိန်း(၇)သောင်းထိရရှိမှာ ဖြစ်ပါတယ်။
 
ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြမှုအရတော့ ဘာကမ်ဘူအတွက် ဘေကျင်းဂူအန်အသင်းပေးချေခဲ့ရတဲ့ ပြောင်းရွေ့ကြေးကပေါင်(၃၅)သန်းသာ ရှိခဲ့ပေမယ့် ပြည်ပကစားသမားတွေခေါ်ယူပါက ပြောင်းရွေ့ကြေးပမာဏအတိုင်း ရာနှုန်းပြည့် အခွန်ပေးဆောင်ရမယ့် တရုတ်ဘောလုံးအဖွဲ့ချုပ်ရဲ့စည်းမျည်းအရ ပေါင်(၆၅)သန်းထိ မြင့်တက်ခဲ့ရတာဖြစ်ပါတယ်။ ဇန်န၀ါရီဈေးကွက်အတွင်းမှာ ပေါင်(၆၅)သန်းထိ တန်ဖိုးရှိခဲ့တဲ့ ဘာကမ်ဘူရဲ့တန်ကြေးဟာ အာဖရိကကစားသမားတွေမှ တန်ကြေးအမြင့်ဆုံးကစားသမား အဖြစ်လည်း ရပ်တည်စေခဲ့ပါတယ်။ ဘာကမ်ဘူရဲ့နောက်မှာတော့ တန်ကြေးအမြင့်ဆုံး အာဖရိက ကစားသမားတွေအဖြစ် လိုက်စ်ဇစ် ကွင်းလယ်လူကီတာ၊ လီဗာပူးမှတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့မာနေး၊ မန်ယူနောက်ခံလူဘိုင်လေနဲ့ လက်စတာစီးတီးတိုက်စစ်မှူးဆလီမန်နီတို့က ရပ်တည်နေပါတယ်။ 
 
 

Related News