နည်းပြသစ်ပြောင်းပြီးချိန်မှာ လီဗာပူးလ်၊ အာဆင်နယ်အသင်းတို့ကို ဆက်တိုက်အနိုင်ရရှိခဲ့တဲ့ ဆွမ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)လက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ (၁)ဂိုးစီသရေကျခဲ့သလို အသင်းရဲ့ အဓိကကစားသမားတွေလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ဆွမ်ဆီးအသင်းဟာ လက်စတာနဲ့ အဝေးကွင်းပွဲစဉ်မှာ တစ်ဂိုးစီသရေကျခဲ့ပြီး အဓိက ကစားသမားတွေ ဖြစ်တဲ့ ကွင်းလယ်က လီရွိုင်းဖာနဲ့ တိုက်စစ်က ဘိုနီတို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။

လီရွိုင်းဖာ ဟာ ပွဲချိန်(၃၆)မိနစ်မှာ ဒဏ်ရာကြောင့် မဖြစ်မနေလူစားလဲခဲ့ရပြီး တိုက်စစ်မှူး ဘိုနီကလည်း လူစားဝင်ကစားချိန်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဆေးစစ်ချက်တွေအရ လီရွိုင်းဖာဟာ ခြေဖနှောင့်အရွတ်ပြတ်သွားခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရမှာကြောင့် ရာသီကုန်ထိအနားယူရမှာဖြစ်ပါတယ်။ ယခုနှစ်မှ မန်စီးတီးအသင်းကနေ ဆွမ်ဆီးအသင်းကို ပြန်လည်ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး ဘိုနီကလည်း ပွဲချိန်(၇၁)မိနစ်မှ လူစားဝင်ကစားပေ မယ့် ဒူးအရွတ်ဆုတ်ပြဲသွားတာကြောင့် ခွဲစိတ်ကုသမှုခံယူရဦးမှာဖြစ်ပါတယ်။

ဘိုနီကလည်း ဒူးဒဏ်ရာကို ခွဲစိတ်ကုသရမှာဖြစ်တာကြောင့် ရာသီကုန်ထိအနားယူရတော့မှာဖြစ်ပြီး ဆွမ်ဆီးအသင်းဟာ အဓိက ကစားသမား(၂)ဦးကို မဖြစ်မနေလက်လွတ်ရတော့မှာဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းဟာ ရာသီအစ နည်းပြပေါကလီးမန့် လက်ထက်မှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် ဒီဇင်ဘာ(၂၀)ရက်နေ့မှာ လက်ရှိနည်းပြကာဗာဟယ်ကို အစား ထိုးခန့်အပ်ခဲ့ပါတယ်။ ကာဗာဟယ်လက်ထက် (၉)ပွဲမှာတော့ (၁)ပွဲသာရှုံးနိမ့်ခဲ့ပြီး လီဗာပူးလ်၊ အာဆင်နယ်အသင်းတို့ ကိုအနိုင်ရရှိတာအပါအ၀င် (၄)ပွဲနိုင်၊ (၄)ပွဲသရေကျထားတာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အဓိက ကစားသမား(၂)ဦး ဒဏ်ရာရရှိမှုကြောင့် ကစားသမားအင်အားလျော့နည်းသွးမှာဖြစ်ပြီး ဆွမ်ဆီးအသင်းအတွက် အထိနာခဲ့ပါတယ်။

 

 

 

Related News