ချဲလ်ဆီးအသင်းဟာ ယနေ့မနက်အစောပိုင်းက ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)အဖြစ် ယှဉ်ပြိုင်ကစား ခဲ့တဲ့ ၀က်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ရတာကြောင့် နည်းပြကွန်တီရဲ့အနာဂတ်ဟာ ပိုပြီးမှေးမှိန်လာခဲ့ပြီဖြစ်ပါတယ်။နည်းပြကွန်တီရဲ့ ချဲလ်ဆီးအသင်းဟာ ၀က်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆) အဝေးကွင်းပွဲစဉ်မှာ (၄)ဂိုး၊(၁)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ပွဲစဉ်(၂၅) ဘုန်းမောက်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း (၃)ဂိုး၊ဂိုးမရှိဖြင့် ရှုံးနိမ့်ထားခဲ့တာကြောင့် အသင်းမှာ နည်းပြကွန်တီရဲ့ အနာဂတ်ဟာေ၀၀ါးလာခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပွဲစဉ်(၂)ပွဲစလုံးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲမှာ ရဂိုးတစ်ဂိုးသာရရှိခဲ့သလို ပြိုင်ဘက်အသင်းတွေ ကိုပေးဂိုး(၇)ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ယခုပရီးမီးယားလိဂ်ပွဲစဉ်(၂၆)မှာ ချဲလ်ဆီးအသင်း အနေနဲ့ ပွဲကစားချိန်မိနစ်(၈၀)ကျော်မှာ ပေးဂိုး(၃)ဂိုးအထိခွင့်ပြုခဲ့ရတာကြောင့် နောက်ထပ်ဂိုးပြတ် ရှုံးပွဲတစ်ပွဲနဲ့ ထပ်မံရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ (၂)ပွဲဆက်ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတဲ့ချဲလ်ဆီးအသင်းဟာ လက်ရှိမှာအမှတ်ပေးဇယားအဆင့်(၄) နေရာမှာ ရမှတ်(၅၀)နဲ့ရပ်တည်နေပြီး ဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ရမှတ်(၁၉)မှတ်အထိ ကွာဟသွား ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီက ချဲလ်ဆီးအသင်းကို အမှတ်ပေးချန်ပီယံဆုရရှိအာင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့နည်းပြကွန်တီဟာ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲမှာ နိုင်ပွဲတစ်ပွဲသာရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှာလည်း ဥရောပအသင်းကြီးတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်(၁၆)သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရမှာဖြစ်တာကြောင့် ယခုဖေဖော်ဝါရီလဟာ နည်းပြကွန်တီရဲ့အနာဂါတ်ကို အဆုံးအဖြတ်ပေးမယ့်ကာလအဖြစ် ရှိနေပါတယ်။

 

 

 

Related News