ယခုနှစ်ဘောလုံးရာသီရဲ့ အိမ်ကွင်းပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ဘာစီလိုနာအသင်းဟာ ဂီတာဖေးအသင်းနဲ့ လာလီဂါပွဲစဉ်(၂၃)မှာတော့ ဂိုးပေါက်ပျောက်ဆုံးခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာဂီတာဖေးအသင်းနဲ့ 
လာလီဂါပွဲစဉ်(၂၃)အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် မှာဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပဲ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်း အတွက် ယခုနှစ်ဘောလုံး ရာသီ အိမ်ကွင်းပွဲစဉ်တွေမှာ 
ပထမဦးဆုံးအကြိမ် ဂိုးပေါက်ပျောက်ဆုံးမှု ဖြစ်ခဲ့ပြီး (၁၅)လအတွင်း ပထမဦးဆုံးအကြိမ်အိမ်ကွင်းဂိုးပေါက်ပျောက်ဆုံးတာလည်းဖြစ်ပါတယ်။
 
ဘာစီလိုနာအသင်းအနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၆-၂၀၁၇) ဘောလုံးရာသီက ဂျူဗင်တပ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် အိမ်ကွင်း ဂိုးပေါက်ပျောက်ဆုံးခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုပွဲစဉ်မှာ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့်လည်း လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ်(၅၉)မှတ်နဲ့ ဆက်လက်ဦး ဆောင်နေပြီး ဒုတိယနေရာမှ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရမှတ်(၇)မှတ်ဖြတ် ထားနိုင်ခဲ့ပါတယ်။
 
ဘာစီလိုနာအသင်းဟာ လာလီဂါမှာ ရှုံးပွဲလုံးဝမရှိသေးတဲ့အသင်းဖြစ်ပြီး လာလီဂါပွဲစဉ်(၂၃)ပွဲ ယှဉ်ပြိုင်ကစား ထားရာမှာ (၁၈)ပွဲနိုင်၊(၅)ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ လာလီဂါမှာအိမ်ကွင်းရလဒ်အကောင်းမွန် ဆုံးအသင်းလည်းဖြစ်ပြီး လာလီဂါအိမ်ကွင်းပွဲစဉ်(၁၁)ပွဲမှာ (၉)ပွဲအထိအနိုင်ရရှိခဲ့ပြီး (၂)ပွဲသာသရေရလဒ်ထွက် ပေါ်ခဲ့ပါတယ်။
 
 
 

Related News