ယူရိုပါလိဂ်(၃၂)သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေ အားလုံးယှဉ်ပြိုင်ကစားပြီးချိန်မှာ ဥရောပ ထိပ်တန်းလိဂ် ပြိုင်ပွဲ(၅)ခုမှနာမည်ကြီး အသင်းတော်တော်များများ (၁၆)သင်းအဆင့်ကို တက်ရောက် နိုင်ခဲ့ကြပါတယ်။ 
ယူရိုပါလိဂ်(၁၆)သင်းရှုံးထွက်အဆင့်ကို အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်(၁)သင်း၊ စပိန်လာလီဂါကလပ်(၂)သင်း၊ အီတလီစီရီးအေကလပ်(၂)သင်း၊ ဂျာမန်ဘွန်ဒက်လီဂါ ကလပ်(၂) သင်း၊ ပြင်သစ်လီဂူးဝမ်းကလပ်(၂)သင်း တက်ရောက်နိုင်ခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်မှ အာဆင်နယ် အသင်းအပါအ၀င် လာလီဂါမှ ဘီဘာအိုအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ် အသင်း၊ စီးရီးအေမှ အေစီမီလန်အသင်းနဲ့လာဇီယိုအသင်း၊ ဘွန်ဒက်လီဂါမှ ဒေါ့မွန်အသင်းနဲ့ လိုက်ပ်ဇစ်အသင်း၊ လီဂူးဝမ်းမှ လိုင်ယွန်အသင်းနဲ့မာဆေးလ်အသင်းတို့ဟာလည်း (၁၆) သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းဘောလုံးရာသီတွေမှာ ယူရိုပါလိဂ်ပြိုင် ပွဲကို စပိန် အသင်းတွေသာ စိုးမိုးထားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ရဲ့ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဖြစ်တဲ့ မန်ယူအသင်းကဗိုလ်စွဲ နိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ယခုနှစ်ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ယူရိုပါလိဂ်(၁၆)သင်း အဆင့် မဲခွဲ ပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့မှာ ယနေ့ ဖေဖော်ဝါရီလ(၂၃)ရက်၊ မြန်မာစံတော်ချိန် ညနေ(၆)နာရီခွဲအချိန်မှာ ကျင်းပမှာဖြစ်ပြီး ယူရိုပါလိဂ်(၁၆) သင်းရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်တွေကို မတ်လ(၈)ရက်နေ့နဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို မတ်လ(၁၅) ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

 

 

Related News