၂၀၁၈AFC Cup ပြိုင်ပွဲ အုပ်စု (G) တတိယပွဲစဉ် အဖြစ်ရန်ကုန်ယူနိုက်တက် အသင်းဟာဖိလစ်ပိုင်ကလပ်ဂလိုဘယ်အသင်းကိုအိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး(၃)ဂိုးပြတ်နဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ အခြေအနေ ကောင်းနေခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ ဂလိုဘယ်အသင်းနဲ့ ပွဲစဉ်မှာ အဓိက ကစားသမား အစုံအလင်ကို ပွဲထုတ်ကစားခဲ့ပြီး အိမ်ကွင်းမှာ သက်သောင့်သက်သာနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အစောပိုင်းမှာ အခွင့်အရေးတွေ လွဲချော်ခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာမောင်မောင်လွင်က အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းပြီး ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ရန်ကုန်ယူနိုက်တက်အသင်းကပဲ ပွဲကို စိုးမိုးကစားခဲ့ပြီး (၄၇) မိနစ်နဲ့ (၅၇)မိနစ်တို့မှာ ဆေလာ က နောက်ထပ်(၂)ဂိုးသွင်းယူကာ ရန်ကုန်ယူနိုက်တက်အသင်းက (၃)ဂိုးပြတ် နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ အုပ်စုပွဲစဉ်(၁)မှာလည်း ဘာလီယူနိုက်တက်အသင်းကို (၃)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ဒုတိယပွဲစဉ်မှာလည်း သံဟွာအသင်းကို (၂)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ယခုနှစ်ရာသီ အုပ်စု (G)ရဲ့ ပွဲစဉ်(၃)အပြီးမှာ (၃)ပွဲစလုံး အနိုင်ရရှိထားတာဖြစ်ပါတယ်။ လက်ရှိအုပ်စုတွင်းရပ် တည်မှုမှာ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ်(၉)မှတ်နဲ့ အဆင့်(၁)နေရာမှာရပ်တည်နေပြီး အုပ်စုဒုတိယနေရာမှာ ဘာလီယူနိုက်တက်က ရမှတ်(၄)မှတ်နဲ့သာရပ်တည်နေတာကြောင့် ရန်ကုန်ယူနိုက်တက်အသင်းဟာ ရမှတ်(၅)မှတ်ဖြတ်ပြီး အုပ်စုတွင်းမှာ ဦးဆောင်နေတာဖြစ်ပါတယ်။

ယခုနှစ်ရာသီမှာတော့ ရန်ကုန်ယူနိုက်တက် အသင်းဟာ ပြည်တွင်း ပြည်ပ ပြိုင်ပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး ပြည်တွင်းလိဂ်မှာလည်း ပွဲစဉ်(၈)အပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။AFC Cup ပြိုင်ပွဲမှာလည်း အခြေအနေကောင်းနေပြီး ASEAN Zonal semi-finals အဆင့်ကိုတက်ရောက်ဖို့ အခြေအနေကောင်းနေပါတယ်။ နောက်တစ်ပတ် AFC Cup အုပ်စုပွဲစဉ် (၄)မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းဟာ ဂလိုဘယ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး သရေတစ်မှတ်ရရှိရင်တောင် နောက်တစ်ဆင့် ကိုတက်ရောက်ဖို့သေချာသွားမှာဖြစ်ပါတယ်။

 

 

Related News