(၂၀၁၇-၁၈)ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေ ပြီးဆုံးချိန်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ မာဆေးအသင်းတို့ဟာပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွေပြီးဆုံးချိန်မှာ အက်သလက် တီကိုမက်ဒရစ်အသင်းက အာဆင်နယ်အသင်းကို(၂)ကျော့ပေါင်း (၂)ဂိုး(၁)ဂိုး၊ မာဆေးအသင်းက ရက်ဘူးဆဲဘတ်လ်အသင်းကို(၂)ကျော့ပေါင်း (၃)ဂိုး(၂)ဂိုးနဲ့ အသီးသီးအနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့တာဖြစ်ပါတယ်။
 
အက်သလက်တီကိုမက်ဒရစ် အသင်းအနေနဲ့ ယခုလိုဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဟာ အသင်းသမိုင်းကြောင်း တစ်လျောက် (၃)ကြိမ်မြောက် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခင်တက်ရောက်ခဲ့တဲ့(၂)ကြိမ်မှာ ချန်ပီယံဆုရရှိ ခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ (၂၀၀၉-၁၀)ဘောလုံးရာသီနဲ့ (၂၀၁၁-၁၂)ဘောလုံးရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲတွေမှာ ဖူဟမ်နဲ့ ဘီဘာအိုအသင်းတို့နဲ့တွေ့ဆုံခဲ့ပြီး ဖူဟမ်အသင်းကို(၂)ဂိုး(၁)ဂိုး၊ ဘီဘာအို အသင်းကို(၃)ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိကာ ချန်ပီယံဆုရရှိထားခဲ့တာဖြစ်ပါတယ်။ မာဆေးအသင်းဟာလည်း အ သင်းသမိုင်းကြောင်းတစ်လျောက် ယူရိုပါလိဂ်ဗိုလ်လုပွဲအဆင့်ကို (၃)ကြိမ်မြောက်တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခင်တက်ရောက်ခဲ့တဲ့(၂)ကြိမ်မှာ ချန်ပီယံဆုနဲ့ လွဲချော်ထားပါတယ်။
 
မာဆေးအသင်းဟာ (၁၉၉၈-၉၉) ဘောလုံး ရာသီနဲ့ (၂၀၀၃-၀၄)ဘောလုံးရာသီရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအဆင့်မှာ အီတလီကလပ်ပါးမား၊ ဗလင်စီယာ အသင်းတို့နဲ့ တွေ့ဆုံခဲ့ပြီး ပါးမားအသင်းကို(၃)ဂိုး ဂိုးမရှိ၊ ဗလင်စီယာအသင်းကို(၂)ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ကာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။မာဆေးအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ကို မေလ(၁၇)ရက်၊ မနက်အစောပိုင်း မြန်မာစံတော်ချိန်(၁း၁၅)မိနစ်အချိန်မှာ ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့မှ ပရိတ်ဦးရေ (၆)သောင်းနီးပါးဝင်ဆံ့တဲ့ ဂရူပါမာကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
 
 
 

Related News