စပိန်အင်အားကြီး ဘာစီလိုနာအသင်းဟာကြယ်ပွင့်များစွာပိုင်ဆိုင်ထားသလိုအသင်းကိုလည်း စဉ်ဆက် မပြတ်တည်ဆောက်နေပြီး ပြိုင်ဘက်တွေရဲ့ အင်အားကိုပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ စုပ်ယူဖို့ကြိုးစား နေပါတယ်။ဘာစီလိုနာအသင်းဟာ ယခင်ကတည်းက ခေါ်ယူလိုတဲ့ ကစားသမားကိုကြေး မရှောင်တမ်းခေါ်ယူခဲ့တဲ့ အသင်းဖြစ်သလို ပြီးခဲ့တဲ့ရာသီကလည်း ဒမ်ဘီလီနဲ့ ကော်တင်ညိုတို့ကို အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး တွေနဲ့ တစ်ရာသီအတွင်း ခေါ်ယူခဲ့တဲ့အသင်းဖြစ်ပါတယ်။ ငွေသုံးကြမ်းတဲ့အသင်းအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရပေမယ့် ခေါ်ယူလိုတဲ့ ကစားသမားတွေကို ပြိုင်ဘက်တွေဆီကနေပါ အရခေါ်ယူတတ်တဲ့အသင်းဖြစ်ပါတယ်။

နောက်ပိုင်းနှစ်တွေမှာလည်း ပြိုင်ဘက်တွေထံမှ အဓိကကစားသမားတွေကို ခေါ်ယူခဲ့ပြီး လာမယ့်ရာသီအတွက်လည်း အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အဓိက ကစားသမား ဂရစ်မန်းကို ခေါ်ယူဖို့ကြိုးစားနေပါတယ်။ ဘာစီလိုနာအသင်းဟာ နေမာကို ရောင်းချမှုမှ ရရှိတဲ့ငွေနဲ့ ဒမ်ဘီလီ၊ ကော်တင်ညိုတို့ကို ခေါ်ယူခဲ့ပေမယ့် လက် ရှိမှာ အထောင်တိုက်စစ်မှာပါ ကစားနိုင်တဲ့ ပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ မရှိမဖြစ်ကစားသမား ဂရစ်မန်းကို ထပ်မံခေါ်ယူဖို့ကြိုးစားနေပါတယ်။ ဂရစ်မန်းကို တခြား ဥရောပအသင်းကြီးတွေကလည်း ခေါ်ယူ ဖို့စိတ်ဝင်စားပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် လက်တွန့်နေချိန်မှာ ဘာစီလိုနာအသင်းက စာချုပ် လျော်ကြေး ယူရိုသန်း(၁၀၀)ကျော်ကို ပေးချေကာ ခေါ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ဆီးဗီးလား အသင်းရဲ့ အသက်(၂၂)နှစ်အရွယ် နောက်ခံလူ လန့်ဂ်ဂျက်ကိုလည်း လာမယ့်ရာသီအတွက် ခေါ်ယူဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ယခင်ကလည်း ဗလင်စီယာ၊ ဆီးဗီးလားအသင်းတို့ရဲ့ အဓိက ကစားသမားတွေ ကိုအရခေါ်ယူခဲ့တဲ့သာဓကတွေရှိခဲ့ပြီးဗလင်စီယာမှ (၂၀၁၀)ခုနှစ်မှာ ဒေးဗစ်ဗီလာ၊ (၂၀၁၂)မှာ ဂျော်ဒီအယ်ဘာ၊ (၂၀၁၆)မှာ အန်ဒရီဂိုးမက်နဲ့ အယ်ကာဆာ တို့ကို ခေါ်ယူခဲ့ပါတယ်။ 

 

 

 

Related News