ချန်ပီယံရှစ်ကိုတန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ ၀က်ဘရွန်းအသင်းဟာ ရာသီကုန်ခါနီးမှာ အသင်းကိုရလဒ် ကောင်းတွေရယူပေးနိုင်ခဲ့တဲ့ ယာယီနည်းပြဒါရင်မိုးလ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ဒါရင်မိုးလ်ဟာ ၀က်ဘရွန်းအသင်းကို ရာသီကုန်ခါနီးပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲသာ ကိုင်တွယ်ရာမှာ ရလဒ်ကောင်းတွေရယူပေးနိုင်ခဲ့တာကြောင့် အသင်းတန်းဆင်းခဲ့ရပေမယ့် အမြဲတမ်းနည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ဝက်ဘရွန်းအသင်းဟာ ပရီးမီး ယားလိဂ်ပွဲစဉ်(၂၅)မှ ပွဲစဉ်(၃၂)အထိ (၈)ပွဲ ဆက်ရှုံးပွဲကြုံတွေခဲ့တာကြောင့် နည်းပြအလန်ပါဂျူးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အသင်းရဲ့ကစားသမားဟောင်းဒါရင်မိုးလ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးအပ် ခဲ့ပါတယ်။ ဒါရင်မိုးလ်ဟာ ၀က်ဘရွန်းအသင်းကို သူကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲမှာ (၃)ပွဲနိုင်၊ (၂)ပွဲသရေရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

သူကိုင်တွယ်ခွင့်ရရှိခဲ့တဲ့ပွဲစဉ် (၆)ပွဲမှာ မန်ယူ၊လီဗာပူးလ်၊ စပါးအသင်းတို့လိုအသင်းကြီး တွေနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေပါဝင်ခဲ့ပြီး မန်ယူ၊ စပါးအသင်းတို့ ကိုအနိုင်ရရှိကာ လီဗာပူးလ်ကိုသာသရေကျပြီး ရလဒ်ကောင်းတွေဖန်တီးခဲ့ပါတယ်။ ခဏတာကိုင် တွယ်ခွင့်ရရှိခဲ့တဲ့အချိန်မှာ အသင်းကိုရလဒ်ကောင်းတွေရယူပေးနိုင်ခဲ့တဲ့ဒါရင်မိုးလ်ဟာ ဧပြီလရဲ့ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ဒါရင်မိုးလ်အနေနဲ့ ၀က်ဘရွန်းအသင်းကို သူ ကိုင်တွယ်ခဲ့တဲ့ပွဲစဉ် (၆)ပွဲမှာ ရမှတ် (၁၁)မှတ်အထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် တန်းဆင်းဇုန်အ ထက်ကအသင်းတွေကိုရမှတ် အမီလိုက်နိုင်ခြင်း မရှိတော့တာကြောင့် အမှတ်ပေးဇယားအောက်ဆုံးအဆင့် (၂၀) နေရာနဲ့ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ 

 

 

Related News