အီတလီနာမည်ကျော်ဂိုးသမား ဘူဖွန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ရီးယဲယ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားရင်း ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာကြောင့် (၃)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ဘူဖွန်ဟာ ဂျူဗင်တပ်စ်အသင်းမှာ (၁၇)နှစ်ကြာပါဝင်ကစားထားသူဖြစ်ပြီး (၂၀၁၇-၁၈)ဘောလုံးရာသီ အပြီးမှာ အသင်းကနေ ထွက်ခွာတော့မှာလို့ အတည်ပြုထားသူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ရီးယဲယ်မက်ဒရစ်အသင်းကို (၃)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နောက်ဆုံးမိနစ်မှာ ပင်နယ်တီပေးရတာနဲ့ပတ်သက်ပြီး ဒိုင်လူကြီး အိုလီဗာကို အပြင်းအထန်ဝေဖန်ခဲ့တာကြောင့် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ်စ်အသင်းဟာ ပထမ အကျော့အိမ်ကွင်းပွဲစဉ်မှာ ရီးယဲယ်မက်ဒရစ်ကို (၃)ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် အဝေးကွင်းပွဲစဉ်မှာ ပွဲပြီးခါနီးထိ (၃)ဂိုးပြတ်နဲ့ပြန်လည်အနိုင်ရရှိနေပြီး နောက်ဆုံးမိနစ်မှာ ပင်နယ်တီပေးခဲ့ရတာကြောင့် (၂)ကျော့ပေါင်းရလဒ် အရ ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒုတိယအကျော့မှာ ပွဲပြီးခါနီးပင်နယ်တီမ ပေးခဲ့ရဘူးဆိုရင်(၂)ကျော့ပေါင်းရလဒ် (၃)ဂိုးစီသရေကျနေမှာဖြစ်ပြီးအချိန်ပိုကန်ကာ ဆီမီးဖိုင်နယ်တက်ရောက် ခွင့်ကို မျှော်လင့်ခွင့်ရှိနေပါတယ်။

ဒါပေမဲ့ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာဟာ ပွဲပြီးခါနီးမှာ ဘီနာတီယာပြစ်ဒဏ် ဘောကျူးလွန်တာကနေ ရီးယဲယ်မက်ဒရစ်အသင်းကို ပင်နယ်တီသတ်မှတ်ပေးခဲ့ပြီး အဆိုပါပင်နယ်တီကြောင့် (၂)ကျော့ပေါင်းရလဒ် (၄)ဂိုး၊(၃)ဂိုးနဲ့ ဂျူဗင်တပ်စ်အသင်း ပြိုင်ပွဲမှထွက်ခဲ့ရပါတယ်။ ပင်နယ်တီသတ်မှတ်ပေးချိန် မှာ ဘူဖွန်က ဒိုင်လူကြီးအပေါ် စောဒက တက်မှုကြောင့် အနီကဒ်ပြသခံခဲ့ရသလို ပွဲအပြီးမှာလည်း ဒိုင်လူကြီးအ ပေါ်စော်ကားတဲ့ စကားပြောဆိုမှုကြောင့် UEFA က (၃)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဘူဖွန်ဟာ လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာတော့မှာဖြစ်တာကြောင့် ဥရောပ၀င်ခွင့်ရတဲ့ ကလပ်အသင်းတစ်သင်းကို ပြောင်း ရွှေ့မယ်ဆိုရင် ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

 

 

 

Related News