အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်းဟာယခုနှစ်ကမ္ဘာ့ဖလားရဲ့ (၁၆)သင်းအဆင့်ပွဲစဉ်တွေအပြီးမှာ သွင်းဂိုး(၆)ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားအဖြစ်ရပ်တည်နေပြီး ဂိုးသွင်းဘုရင်ဆုကိုရရှိဖို့ အနီးစပ်ဆုံးအနေအထား တစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။ ဟာရီကိန်းဟာ အုပ်စုတွင်းပွဲစဉ်(၃)ပွဲမှာသွင်းဂိုး(၅)ဂိုးထိသွင်းယူခဲ့ပြီး (၁၆)သင်းအဆင့်ပွဲစဉ်ဖြစ်တဲ့ ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ (၁)ဂိုးသွင်းယူခဲ့ပြီး စုစုပေါင်း(၆)ဂိုးထိသွင်းယူထားတာဖြစ်ပါတယ်။

သူဟာ အုပ်စု တွင်းပွဲစဉ်တွေအဖြစ် တူနီးရှားအသင်းကို (၂)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ အနိုင်ဂိုး(၂)ဂိုးစလုံးသွင်းယူခဲ့ပြီး ပနားမားကို (၆)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်း (၃)ဂိုးဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဟာရီကိန်းက သွင်းဂိုး(၆)ဂိုးနဲ့ဦးဆောင်နေပြီး သူ့ရဲ့နောက်မှာ လူကာကူနဲ့ စီရော်နယ်ဒိုတို့က (၄)ဂိုးစီနဲ့ရပ်တည် နေပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက ကမ္ဘာ့ဖလားမှ ထွက်ထားရပြီဖြစ်တာကြောင့် လူကာကူ ကသာ ဟာရီကိန်းရဲ့အဓိကပြိုင်ဘက် ဖြစ်လာဖွယ်ရှိနေပါတယ်။

ကမ္ဘာ့ဖလားမှထွက်ထားရတဲ့ အသင်းတွေမှ ကစားသမားတွေရဲ့ သွင်းဂိုးတွေကို ထည့်မတွက်ဘူးဆိုရင် ဟာရီကိန်းနဲ့အတူ ရွှေဖိနပ်ဆုကို အပြိုင်လုမယ့်က စားသမားက များများစားစားမရှိပဲ (၃)ဂိုးသွင်းယူထားတဲ့ ကစားသမားတွေထဲမှာ ပြင်သစ်မှ ဘာပေ၊ ဥရုဂွေးမှ ကာဗာနီ၊ ရုရှားမှ ချယ်ရီရှော့နဲ့ ဇူးဘားတို့သာရှိနေပါတယ်။ဒါပေမဲ့ သူတို့ဟာ ဟာရီကိန်းထက် သွင်းဂိုးထက်ဝက် လျော့နည်းနေတာကြောင့်ဖြစ်နိုင်ခြေနည်းပါးသလို ကွာတားဖိုင်နယ်မှာ ဥရုဂွေးနဲ့ ပြင်သစ်တို့တွေ့ဆုံတာကြောင့် လည်း ပြိုင်ဘက်တစ်ဦးလျော့သွားဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် (၄)ဂိုးသွင်းယူထားတဲ့ လူကာကူရဲ့ ဘယ်ဂျီယံ အသင်းကလည်း ကွာတားဖိုင်နယ်မှာ နာမည်ကြီးဘရာဇီးလ်နဲ့ တွေ့ဆုံနေတာကြောင့် ခက်ခဲဖွယ်ရှိနေပြီး လူကာကူအနေနဲ့ ဟာရီကိန်းနဲ့ယှဉ်ရင် ဂိုးသွင်ဘုရင်ဖြစ်နိုင်ခြေနည်းပါးနေပါတယ်။ ကမ္ဘာ့အဆင့်ကြယ်ပွင့်တွေ ထဲမှာ ဆိုရင် ဘရာဇီးလ်မှ နေမာနဲ့ ဘယ်ဂျီယံမှ ဟာဇက်တို့က (၂)ဂိုးစီသွင်းယူထားပေမယ့် ဘရာဇီးလ်နဲ့ ဘယ်ဂျီယံတို့ ကွာတားဖိုင်နယ်မှာတွေ့ဆုံတာကြောင့် ကြယ်ပွင့်ထဲမှ တစ်ဦးက ထွက်ခွာသွားရတော့မှာဖြစ်ပါ တယ်။ ဟာရီကိန်းကတော့ ယခုနှစ်ကမ္ဘာ့ဖလားမှာ ဂိုးသွင်းအများဆုံးကစားသမားဆုရမယ်ဆိုရင် (၁၉၈၆)ခုနှစ် က ဂယ်ရီလိုင်နီကာရဲ့နောက် ဒုတိယမြောက် အင်္ဂလန်ကစားသမားတွေထဲက ဂိုးသွင်းဘုရင်ဆုရတဲ့ ကစားသ မားဖြစ်လာဖို့ရှိနေပါတယ်။

နောက်ပိုင်းနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂိုးသွင်းဘုရင်ဆုရတဲ့ ကစားသမားဟာ အများဆုံးသွင်းဂိုး(၆)ဂိုးနဲ့သာရရှိနေပြီး (၂၀၀၂)ခုနှစ်ကသာ ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်ဒိုက (၈)ဂိုးနဲ့ရရှိခဲ့ တာဖြစ်ပါတယ်။ယခုနှစ်မှာတော့ (၁၆)သင်းအဆင့်အပြီးမှာပဲ ဟာရီကိန်းက (၆)ဂိုးထိသွင်းယူထားပြီး အင်္ဂလန် အသင်းဟာ နောက်အဆင့်တွေတက်ရောက်မယ်ဆိုရင် (၆)ဂိုးထက်ပိုမိုများပြားလာဖွယ်ရှိနေပါတယ်။
 

 

Related News