(၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းထဲမှာ ပြင်သစ်နည်းတူ ရွှေရောင်းမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ ဘယ်ဂျီယံအသင်းဟာ ကွာတားဖိုင်နယ်မှာ ကမ္ဘာ့ဖလားရဲ့အအောင်မြင်ဆုံး ဘရာဇီးလ်အသင်းနဲ့တွေ့ဆုံနေပြီး သမိုင်းဝင်အောင်မြင်မှုရဖို့အတွက် ကျော်ဖြတ်နိုင်မလား စိတ်ဝင်စားစရာဖြစ်နေပါတယ်။ နိုင်ငံတကာအားကစား သတင်းအယ်ဒီတာက တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေဟာ မနက်ဖြန်မှာ စတင်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဘရာဇီးလ်နဲ့ ဘယ်ဂျီယံအသင်းတို့ဟာ ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဘယ်ဂျီယံအသင်းဟာ ယခုနှစ်ကမ္ဘာ့ဖလားမှာ အချက်အလက်အရ စွမ်းဆောင်ရည်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေပြီးရဂိုး (၁၂)ဂိုးထိရရှိထားကာသွင်းဂိုးအများဆုံးအသင်းအဖြစ်ရှိနေပါတယ်။ နေရာစုံမှာ ဥရောပထိပ်တန်းအသင်းတွေမှာ ကျင်လည်နေတဲ့ကြယ်ပွင့်ကစားသမားတွေရှိနေပြီး ကစားသမားဘ၀အကောင်းဆုံး အသက်အရွယ်အပိုင်းအခြား တစ်ခုကိုရောက်ရှိနေကြသူတွေဖြစ်ပါတယ်။ 

ဘယ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားမှာ အအောင်မြင်ဆုံးအနေနဲ့ (၁၉၈၆)ခုနှစ်မှာ စတုတ္ထနေရာရရှိခဲ့ပြီး (၂၀၁၄)ကမ္ဘာ့ဖလားမှာတော့ ကွာတားဖိုင်နယ်ထိတက်ရောက်ခဲ့တာဖြစ် ပါတယ်။ ဘယ်ဂျီယံအသင်းဟာ ပြိုင်ပွဲမစခင်က ရေပန်းစားတဲ့အသင်းတွေထဲ မပါပေမယ့် လက်ရှိမှာတော့ ဗိုလ် စွဲဖို့ဖြစ်နိုင်ခြေအရှိဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်နေကြပြီဖြစ်ပါတယ်။ ဘယ်ဂျီယံအသင်းနဲ့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် ဘရာဇီးလ်အသင်းက ကမ္ဘာ့ဖလားမှာ (၅)ကြိမ်ဗိုလ်စွဲထားပြီး အအောင်မြင် ဆုံးအသင်းဖြစ်သလိုဗိုလ်စွဲဖို့ ရေးပန်းအစားဆုံးအသင်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

ဒါပေမဲ့ ကွာတား ဖိုင်နယ်ထိတက်ရောက်ရာလမ်းကြောင်းမှာ ပရိသတ်ကျေနပ်လောက်တဲ့ စွမ်းဆောင်ရည်တွေမပြနိုင်သေးပဲ ဟန် ချက်ညီဖို့ ရုန်းကန်နေရတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဘယ်ဂျီယံအသင်းကတော့ ယခုရွှေရောင်းမျိုးဆက် ဟာ သူတို့ရဲ့သမိုင်းမှာအတောင့်တင်းဆုံးဖြစ်တယ်လို့ သတ်မှတ်ခံနေရပြီး ဘရာဇီးလ်အသင်းကို ကျော်ဖြတ်ကာ သမိုင်းသစ်ရေးထိုးသွားနိုင်မယ်လို့ ဥရောပမီဒီယာတွေက တင်စားနေကြပါတယ်။

ဒါပေမဲ့ ဘယ်ဂျီယံအသင်းဟာ ရှုံးထွက်အဆင့်မှာ လမ်းကြောင်း ကျပ်ထဲရောက်ရှိနေပြီး ဘရာဇီးလ်အသင်းကိုကျော်ဖြတ်နိုင်မယ်ဆိုရင်တောင် ကစားသမားအင်အားအတောင့်တင်းဆုံး ပြင်သစ်နဲ့ ဆီးမီးဖိုင်နယ်မှာ တွေ့ဆုံရဖွယ်ရှိနေပါတယ်။ ဒါ့ကြောင့် ဘယ်ဂျီယံအသင်းအနေနဲ့ ယခုနှစ်ကမ္ဘာ့ဖလားမှာ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ရွှေရောင်မျိုးဆက်ကစား သမားတွေနဲ့အတူ သမိုင်းသစ်ရေးထိုးသွားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

 

 

 

Related News