(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို မနေ့ကညနဲ့ ယနေ့မနက်အစောပိုင်းမှာ စတင် ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဥရုဂွေးလ်အသင်းနဲ့ ဘရာဇီးလ်အသင်းတို့ဟာ ရှုံးနိမ့်ခဲ့တာကြောင့် (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိကတိုက်က အသင်းတွေအားလုံးထွက်ခဲ့ရပြီဖြစ်တယ်လို့သိရပါတယ်။  (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြိုင်ပွဲရဲ့ဇာတ်ရှိန်အမြင့်ဆုံးဖြစ်တဲ့ ကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိနေခဲ့ပြီး၊ ပြင်သစ်အသင်းနဲ့ ဥရုဂွေးလ်အသင်း၊ ဘရာဇီးလ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ပွဲစဉ်ကို မနေ့ကညနဲ့ ယနေ့မနက်အစောပိုင်းမှာယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်တွေမှာတော့ ပြင်သစ်အသင်းဟာ ဥရုဂွေးလ်အသင်းကို (၂) ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီး၊ ဘရာဇီးလ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ ပွဲစဉ်မှာတော့ ဘယ်လ်ဂျီယံအသင်းက (၂) ဂိုး (၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အမေရိကတိုက်မှ အာဂျင် တီးနား၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ ပီရူးလ်အသင်းနဲ့ ဥရုဂွေးလ်အသင်း (၅) သင်းက၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပီရူးလ်အသင်းက အုပ်စုအဆင့်၊ အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့က (၁၆) သင်းရှုံးထွက်အဆင့် နဲ့ ဥရုဂွေးလ်၊ ဘရာဇီးလ်အသင်းတို့ကတော့ ကွာတားဖိုင်နယ်အဆင့်နဲ့သာကျေနပ်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလားပြိုင် ပွဲကို ယခင်ကကျင်းပပြုလုပ်ခဲ့တဲ့အကြိမ် (၂၀) မှာ တောင်အမေရိကတိုက်ကအသင်းတွေက ချန်ပီယံဆု (၉) ကြိမ်အထိရရှိထားခဲ့ပေမယ့်လည်း လက်ရှိ (၂၀၁၈)မှာတော့ တောင်အမေရိကတိုက်ကအသင်းတွေအနေနဲ့ထူးခြားတဲ့စွမ်းဆောင်ရည်တွေကိုပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

 

Related News