စပိန်ကလပ် ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီအတွက် ပြင်ဆင်မှုအဖြစ် ယခုရက်ပိုင်းအတွင်း အပြောင်းအရွှေ့ဈေးကွက်မှာ ခြေလှမ်းသွက်သွက်နဲ့လှုပ်ရှားနေပါတယ်။ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဟာကွက်ဖြစ်ပေါ်ခဲ့တဲ့ ကွင်းလယ်နဲ့ ခံစစ်ကို အဓိကထားပြင် ဆင်ဖို့ ကြိုးစားနေပြီး အရည်အသွေးမြင့် လူငယ်ကစားသမားတွေကို ခေါ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အသင်းမှထွက်ခွာသွားခဲ့တဲ့ အင်နီယေစတာ နေရာအစားထိုးဖို့အတွက်လည်း နာမည်ကျော်ကစားသမားတစ်ဦး ကိုခေါ်ယူဖို့ကြိုးစားနေပါတယ်။ လက်ရှိထွက်ပေါ်ထားတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ ဆီးဗီးလားနောက်ခံလူ လန်ဂလက်ကို ခေါ်ယူဖို့အရှိန်မြှင့်ကြိုးစားနေပြီး စပိန်သတင်းစာတွေကတော့ စာချုပ် ချုပ်ဆိုဖို့အတွက်သာ ကျန်ရှိတော့တယ်လို့ ဖော်ပြနေကြပါတယ်။ ဒါ့အပြင် သူတို့ကာလရှည်ပစ်မှတ်ထားနေတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် အာသာကိုလည်း ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီး အလုပ်လုပ်ခွင့်ပါမစ်အ တွက်သာ ညှိနှိုင်းဖို့ကျန်ရှိတော့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ နောက်ထပ်ခေါ်ယူမယ့် ပစ်မှတ်က အင်နီယေစတာနေရာ အစားထိုးနိုင်မယ့် ကစားသမားခေါ်ယူဖို့ဖြစ်ပြီး စပါးကွင်းလယ်ကစားသမား အဲရစ်ဆင်ကို မျက်စိကျနေတာဖြစ်ပါတယ်။ ဒါ့အပြင် PSG ကွင်းလယ်လူ ဗာရက်တီကိုခေါ်ယူဖို့လည်း လက်မလျော့သေးပဲ စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်း နောက်ထပ် ကစားသမားခေါ်ယူရမယ့်အချက်က ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြခဲ့တဲ့ကွင်းလယ်ကစားသမား ပေါ်လင်ညို တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရင်း အသင်းကို ပြန်လည်ပြောင်းရွှေ့သွားတဲ့အတွက် သူ့နေရာအစားထိုးဖို့ ကစားသမားသစ်ခေါ်ယူရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လာမယ့်ရက်အနည်းငယ်အတွင်းမှာပေါ်လင်ညိုနေရာအစားထိုးမယ့် ကစားသမားကို သိရဖွယ်ရှိနေပြီး စပိန်မီဒီယာတွေကတော့ ပြည်တွင်းလိဂ်မှ စပိန်ကစားသမားတစ်ဦးကိုသာ ခေါ်ယူဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

 

 

Related News