ဂျူဗင်တပ်စ်အသင်းဟာ ရီးယဲယ်မက်ဒရစ်အသင်းရဲ့ ကမ္ဘာကျော်တိုက်စစ်မှူး စီရော်နယ်ဒိုကို ယူရို(၁၁၂)သန်းနဲ့ အပြီး သတ်ခေါ်ယူနိုင်ခဲ့ပါတယ်။ရီးယဲယ်မက်ဒရစ်အသင်းမှာ (၉)ရာသီကြာ အောင်မြင်စွာဖြတ်သန်းပြီးနောက်မှာ စီရော်နယ်ဒိုက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ရီးယဲယ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်အပါအ၀င် ဆုဖလားများစွာ ရရှိခဲ့ပြီး စပိန်မြေမှာ အာင်မြင်မှုမှတ်တိုင်ပေါင်းများစွာကိုစိုက်ထူခဲ့တာဖြစ်ပါတယ်။

သူဟာ ရီးယဲယ်မက်ဒရစ်အသင်းအတွက် (၄၃၈)ပွဲမှာ (၄၅၁)ဂိုးထိသွင်းယူခဲ့ပြီး တစ်ပွဲကိုတစ်ဂိုးနှုန်းထက်ပိုသွင်းခဲ့သလို တစ်ဦးချင်းဆုများစွာလည်း ရရှိခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ အသင်းမှာ (၉)ရာသီကစားကာသမိုင်းတလျောက် ဂိုးသွင်းအများဆုံးကစားသမား အဖြစ်ရပ်တည်ခဲ့သလို Ballon d’Or (၄)ကြိမ်နဲ့၊ The Best ဆု(၂)ကြိမ်အပါအ၀င်တစ်ဦးချင်းဆုများစွာရရှိခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုကတော့ ရီးယဲယ်မက်ဒရစ်အသင်းမှ ထွက်ခွာတာဟာ ကစားသမားဘ၀နောက်ထပ်ယှဉ်ပြိုင်မှုတစ်ခုကို အလိုရှိတဲ့အတွက် အသင်းပြောင်းတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ပြောင်းရွှေ့ကြေးဟာ မူလက ယူရို(၁၀၅)သန်းလို့ ဖော်ပြခဲ့ကြပေမယ့် ယူရို(၁၁၂)သန်းဖြစ်တယ်လို့ စပိန်သတင်းစာ AS က အတည်ပြုခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်ဒိုကို (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး (၄)နှစ်စာအတွက် ကုန်ကျစရိတ်က ယူရိုသန်း(၃၅၀)ကျော်ရှိနိုင်တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းမှာရရှိမယ့် လစာဟာ တစ်နှစ်ကိုယူရိုသန်း (၃၀)ဖြစ်ပြီး အပိုဆုကြေးနဲ့ ပုံရိပ်အသုံးပြုခအပါအ၀င် ယခုထက်ပိုမိုများပြား နိုင်တယ်လို့ စပိန်မီဒီယာတွေက ခန့်မှန်းထားပါတယ်။ စီရော်နယ်ဒိုဟာ (၂၀၀၉)ခုနှစ်က မန်ယူအသင်းကနေအသင်းကို အဲဒီခေတ်အခါက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံး(၈)ရာသီမှာ တစ်ရာ သီကို ဂိုး(၅၀)နဲ့အထက် သွင်းယူတာအပါအ၀င် (၉)ရာသီစလုံးကို ဂိုး(၃၀)နဲ့ အထက်သွင်းယူခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် သူ့ရဲ့ အရည်အသွေး၊ ဂိုးသွင်းမှတ်တမ်းတွေနဲ့ ဂျူဗင်တပ်စ်အသင်းကိုလည်း ဥရောပမှာပြန်လည်ဦးမော့လာအောင် စွမ်းဆောင်နိုင် မလား စောင့်ကြည့်ရမှာဖြစ်ပြီး ကျဆင်းနေတဲ့ စီးရီးအေပြိုင်ပွဲရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်မြှင့်တင်သွားနိုင်ဖွယ်ရှိနေပါတယ်။ 

 

 

 

Related News