မန်စီးတီးအသင်းဟာ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းကို (၂) ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီး ချန်ပီ ယံဖြစ်ခဲ့တာကြောင့် မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာ နည်းပြဘ၀ (၁၀) နှစ်တာလကာအတွင်းမှာ ဆုဖ လားပေါင်း (၂၄) လုံးအထိရရှိခဲ့တယ်လို့သိရပါတယ်။ သြဂုတ်လ (၅) ရက်နေ့၊ မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ မန်စီးတီးအသင်းဟာချန်ပီ ယံဆုကိုရရှိခဲ့သလို၊ နည်းပြဂွါဒီယိုလာအနေနဲ့ကလည်း နည်းပြဘ၀တစ်လျှောက် (၂၄) လုံးမြောက်ဆုဖလားကို ရရှိခဲ့ပါတယ်။

(၂၀၀၈) ခုနှစ်မှာ ပရော်ဖက်ရှင်နယ်နည်းပြဘ၀ကိုစတင်ခဲ့တဲ့ဂွါဒီယိုလာဟာ နည်းပြဘ၀တစ် လျှောက် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ မန်စီးတီးအသင်းတို့ကိုကိုင်တွယ်ခဲ့ပြီး၊ (၁၀) နှစ်တာကာလအ တွင်းမှာ ကိုင်တွယ်ခဲ့တဲ့အသင်း (၃) သင်းစလုံးမှာ အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့ပါတယ်။ သူဟာ ဘာစီလိုနာအ သင်းကိုကိုင်တွယ်ခဲ့တဲ့ (၄) နှစ်တာကာလအတွင်းမှာ စပိန်လာလီဂါဖလား (၃) ကြိမ်၊ စပိန်ဘုရင့်ဖလား (၂) ကြိမ်၊ စပိန်စူပါဖလား (၃) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၂) ကြိမ်၊ ဥရောပစူပါဖလား (၂) ကြိမ်နဲ့ ကမ္ဘာ့ကလပ်များ ဖလား (၂) ကြိမ်တို့ကိုရယူပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင်ဘိုင်ယန်မြူးနစ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ (၃) နှစ်အတွင်း မှာလည်း ဘွန်ဒက်လီဂါဖလား (၃) ကြိမ်၊ ဂျာမန်ပိုကယ်ဖလား (၂) ကြိမ်၊ ဥရောပစူပါဖလား (၁) ကြိမ်နဲ့ ကမ္ဘာ့ ကလပ်များဖလား (၁) ကြိမ်တို့ကိုရယူပေးနိုင်ခဲ့ပြီး၊ လက်ရှိမန်စီးတီးအသင်းမှာလည်း ပရီးမီးယားလိဂ်၊ ကာရာ ဘောင်းနဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲတွေမှာ ချန်ပီယံဆု (၁) ကြိမ်စီရရှိခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတိုင်းနဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး၊ လာမယ့်ရာသီသစ်မှာလည်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပရီးမီးယား လိဂ်ရဲ့ (၂၀၁၀) နောက်ပိုင်း၊ လက်ရှိချန်ပီယံဘွဲ့ကိုထိန်းသိမ်းနိုင်ခြင်းမရှိတဲ့မှတ်တမ်းဆိုးတွေကို ချေဖျက်နိုင်ဖို့အတွက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဂွါဒီယိုလာနည်းတူ မန်စီးတီးအသင်းတိုက်စစ်မှူးအဂူရိုဟာလည်း ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး၊ မန်စီးတီးကစားသမားဘ၀သွင်းဂိုး(၂၀၀)ပြည့်မြောက်ခဲ့တယ်လို့လည်း သိရပါတယ်။

 

 

 

Related News