ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ ချယ်ဆီးအသင်းတို့ဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ဂိုးသမားတွေကို ခေါ်ယူခဲ့ပြီး လက်ရှိချယ်ဆီးအသင်းခေါ်ယူခဲ့တဲ့ ဘီဘာအိုဂိုးသမား ကီပါဟာ ပြောင်းရွှေ့ကြေးပေါင်(၇၁)သန်းနဲ့ ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမား ဖြစ်လာခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ရီးယဲယ်မက်ဒရစ်အသင်းကို ရောင်းချလိုက်ရတဲ့ ဂိုးသမား ကော်တိုရစ်နေရာမှာ အစားထိုးဖို့အတွက် ဘီဘာအိုအသင်းရဲ့ စပိန်လက်ရွေးစင်ဂိုးသမားကီပါကို စာချုပ်လျော်ကြေးအတိုင်း ပေါင် (၇၁)သန်းထိ ပေးချေပြီး ခေါ်ယူခဲ့ပါတယ်။ ဂိုးသမားကော်တိုရစ်က အသင်းမှထွက်ခွာလိုကြောင်း တောင်ဆိုချိန်မှာ ချယ်ဆီးအသင်းက ဘက်လန်း၊ ကီပါ၊ ကက်စပါရှမိုက်ကယ်တို့ကို ပစ်မှတ်ထားခဲ့ပြီး နောက်ဆုံးမှာ ကီပါရဲ့ စာချုပ်လျော်ကြေးကို ပေးချေကာခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အသက်(၂၃)နှစ်အရွယ် ကီပါဟာ (၂၀၁၆)ခုနှစ်က စတင်ကာ ဘီဘာအိုအသင်းရဲ့ အဓိက ဂိုးသမားဖြစ်လာခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလကမှ ဘီဘာအိုအသင်းနဲ့ (၂၀၂၅)ခုနှစ်ထိဆက်ရှိမယ့် စာချုပ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ ချယ်ဆီးအသင်းကတော့ ကီပါ ကိုလိုအပ်နေတဲ့ ဂိုးသမားနေရာအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၇၁)သန်းထိပေးချေကာ (၇)နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကီပါကတော့ လက်ရှိမှာ ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ချယ်ဆီးအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ရှင်လည်း ဖြစ်လာခဲ့ပါတယ်။ ယခင်ကတော့ ပါးမားအသင်းကနေ ဂျူဗင်တပ်စ် အသင်းကို (၂၀၀၁)ခုနှစ်က ယူရို(၅၂)သန်းနဲ့ပြောင်းရွှေ့ကြေးနဲ့ ဘူဖွန်က ဂိုးသမားတွေထဲမှာ ဈေးကြီးဆုံး ဂိုးသမားအဖြစ် (၁၇)နှစ်ကြာရပ်တည်ခဲ့ပေမယ့် ယခုနှစ်အပြောင်းအရွှေ့ကာလမှာတော့ စံချိန်တင်ဂိုးသမား အပြောင်းအရွှေ့တွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။

ကီပါရဲ့ အပြောင်းအရွှေ့မတိုင်ခင် လီဗာပူးလ်အသင်းကလည်း ရိုးမားဂိုးသမား အယ်လက်ဆင်ကို ဂိုးသမား တွေထဲမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၆၆.၈)သန်းနဲ့ခေါ်ယူခဲ့ပါတယ်။  ဒါပေမဲ့ အယ်လက်ဆင်ရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်ပြီး ရက်(၂၀)အကြာမှာ ချယ်ဆီးအသင်းက ကီပါကို ဂိုးသမားတွေထဲမှာ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၇၁) သန်းနဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

 

 

 

Related News