(၂၀၁၈-၁၉)ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲမစတင်မီ ကျင်းပခဲ့တဲ့ ဂျာမန်စူပါဖလားပွဲစဉ်မှာ ဘိုင်ယန် မြူးနစ်အသင်းက ဖရန့်ဖတ်အသင်းကိုအနိုင်ရရှိပြီး ချန်ပီယံဆုရရှိခဲ့တယ်လို့ သိရပါတယ်။ (၂၀၁၈) ဂျာမန်စူပါဖလားပြိုင်ပွဲကို ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမန်ပိုကယ်ဖလားချန်ပီယံ ဖရန့်ဖတ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ လီဝန်ဒေါစကီးရဲ့ ဟက်ထရစ်သွင်းဂိုးအပါ အ၀င်၊ ကိုးမန်း၊ သီယာဂိုတို့ရဲ့ သွင်းဂိုးတွေနဲ့ (၅)ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိကာ ချန်ပီယံဆုရရှိခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကိုဗက်အတွက်  အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ်ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖရန့်ဖတ်အသင်းတို့ဟာ (၂၀၁၇-၁၈)ဘောလုံးရာသီ ဂျာမန် ပိုကယ်ဖလားဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ပြီး ဖရန့်ဖတ်အသင်းက အနိုင်ရရှိထားပေမယ့် လက်ရှိမှာဘိုင်ယန်မြူးနစ်က ရှုံးကြွေးဆပ်ကာ ချန်ပီယံဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ဂျာမန်စူပါဖလား ချန်ပီယံဆုကို ရရှိခဲ့တာဟာ ပြိုင်ပွဲသမိုင်းနဲ့ အသင်းသမိုင်းတစ်လျောက် (၇)ကြိမ်ရရှိခဲ့တာဖြစ်ပြီး နောက်ဆုံး(၃)နှစ်ဆက်ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်   အသင်းဟာ ဂျာမန်စူပါဖလားချန်ပီယံဆုကို ယခုနှစ်ဘောလုံးရာသီရဲ့ ပထမဆုံးအောင်မြင်မှုတစ်ခုအဖြစ်ရယူ နိုင်ခဲ့သလို နည်းပြသစ်နီကိုးစ်ကိုဗက်အတွက်လည်း ဘိုင်ယန်မြူးနစ် နည်းပြဘ၀ ပထမဆုံးရရှိခဲ့တဲ့အောင်မြင်မှု ဖြစ်ပါတယ်။

ကိုဗက်ဟာ ယခုနှစ်ရာသီမှာမှ ဘိုင်ယန်မြူးနစ်နည်းပြ အဖြစ် ၀ါရင့်နည်းပြဂျက်ဟေးနက်ရဲ့နေရာမှာ အစားထိုးခန့်အပ်ခြင်းခံထားရသူဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့အတူ အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ ဘိုင်ယန်မြူးနစ်ဟာ လာမယ့်သြဂုတ်လ(၁၈)ရက်မှာ ဂျာမန်ပိုကယ်ဖလား ပထမအဆင့်ပွဲစဉ်အဖြစ် SV ဒရော့ တာဆန်အသင်းနဲ့ အဝေးကွင်းမှာယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး သြဂုတ်လ(၂၄)ရက်မှာတော့ (၂၀၁၈-၁၉)ဘောလုံး ရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဟော်ဖန်ဟိမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

 

 

 

Related News