ပရီးမီးယားလိဂ်ပွဲစဉ်(၄)ယှဉ်ပြိုင်ကစားအပြီးမှာ တန်းဆင်းဇုန်ထဲမှာ ရှိနေတဲ့ နယူးကာဆယ်၊ ၀က်ဟမ်း အသင်းတို့ရဲ့ နာမည်ကျော်နည်းပြတွေဟာရာထူးတည်မြဲဖို့အတွက် လာမယ့်ပွဲစဉ်တွေမှာ မဖြစ်မနေနိုင်ပွဲတွေရှာ ဖွေရတော့မှာဖြစ်ပြီး သူတို့အတွက် ခက်ခဲတဲ့ပွဲစဉ်တွေကလည်း စောင့်ကြိုနေပါတယ်။ နယူးကာဆယ်နည်းပြ ဘင်နီတက်ရော၊ ၀က်ဟမ်းနည်းပြ ပယ်လီဂရီနီပါ ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ အရည်အသွေးကို သက်သေပြထားတဲ့ ၀ါရင့်နည်းပြတွေဖြစ်ပေမယ့် ယခုနှစ်မှာ သူတို့ကိုင်တွယ်နေတဲ့အသင်း တွေက ရလဒ်ကောင်းဖို့ရုန်းကန်နေရပါတယ်။

နယူးကာဆယ်နည်းပြဘင်နီတက်ဆို ရီးယဲယ်မက်ဒရစ်၊ နာပိုလီ၊ အင်တာမီလန်အသင်းတို့ကို ကိုင်တွယ်ထားသလို ပရီးမီးယားလိဂ်မှာ လီဗာပူးလ်၊ ချယ်ဆီးအသင်းတို့နဲ့လည်း အောင်မြင်မှုတွေရရှိထားသူဖြစ်ပေမယ့် နယူးကာဆယ်အသင်းကို ကိုင်တွယ်ရာမှာ သူ့ခြေသူ့လက်လုပ်ပိုင်ခွင့်မရ ပဲ ကစားသမားတွေနဲ့ပါ အဆင်မပြေဖြစ်နေပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်အဖွင့်(၄)ပွဲမှာ ကာဒစ်အသင်း ကိုသာ သရေကစားနိုင်ခဲ့ပြီး စပါး၊ ချယ်ဆီး၊ မန်စီးတီးအသင်းတို့ကို ရှုံးနိမ့်ထားပါတယ်။ အသင်းကြီးတွေနဲ့ ပွဲစဉ် တွေမှာ ရှုံးနိမ့်မှုအတွက် ဖိအားအရမ်းမများပေမယ့် လိဂ်ဖလားဒုတိယအဆင့်ပွဲစဉ်အဖြစ် နော်တင်ဟန်ဖောရက် အသင်းနဲ့ပွဲစဉ်ကိုရှုံးနိမ့်ခဲ့တဲ့အတွက် ပရိသတ်တွေက ပြင်းပြင်ထန်ထန်ဝေဖန်ကြပါတယ်။

ဒါ့အပြင် ယခုတစ်ပတ် မှာလည်း အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်သလို ခရစ္စတယ်ပဲလေ့စ်၊ လက်စတာ၊ မန် ယူအသင်းတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် နယူးကာဆယ်အသင်းအတွက် ခက်ခဲမှုတွေကစောင့်ကြို နေပြီး အဲဒီပွဲစဉ်တွေမှာ ရလဒ်မကောင်းဘူးဆိုရင် နည်းပြဘင်နီတက်ရဲ့ အနာဂတ်နဲ့ မသေချာမှုတွေနဲ့ရင်ဆိုင်ရ ဖွယ်ရှိနေပါတယ်။

ဝက်ဟမ်းအသင်းကလည်း ရာသီအစက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ် ခဲ့တဲ့ ၀ါရင့်နည်းပြပယ်လီဂရီနီကို ခန့်အပ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာအမှတ်မရသေးပဲ ရှုံးပွဲတွေသာကြုံတွေ့ နေရပါတယ်။ ပွဲစဉ်(၄)အပြီးမှာ ၀က်ဟမ်းအသင်းက လီဗာပူးလ်၊ ဘုန်းမောက်၊ အာဆင်နယ်၊ ၀ုဗ်အသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ထားသလို ပွဲကျပ်တွေနဲ့လည်း ဆက်တိုက်ကြုံတွေ့ရမှာဖြစ်ပါတယ်။ယခုတစ်ပတ်မှာ အဲဗာတန် အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်သလို ချယ်ဆီး၊ မန်ယူအသင်းတို့နဲ့လည်း ထပ်မံတွေ့ဆုံရဦးမှာဖြစ်ပြီး အရှုံးသံသရာထဲ ကရုန်းမထွက်နိုင်ဘူးဆိုရင် နည်းပြပယ်လီဂရီနီအနာဂတ်လည်း အပြောင်းအလဲဖြစ်ပေါ်လာဖို့ရှိနေပါတယ်။

 

 

 

 

 

 

 

 

Related News