ဘာစီလိုနာအသင်းဟာ (၂၀၁၈-၁၉) ဘောလုံးရာသီ၊ စပိန်လာလီဂါပြိုင်ပွဲရဲ့လစာအများဆုံးအသုံးပြု ခွင့်ရတဲ့အသင်းအဖြစ် ရီးရဲယ်လ်မက်ဒရစ်အသင်းကိုကျော်ဖြတ်ကာရပ်တည်ခဲ့တယ်လို့သိရပါတယ်။ စပိန်အခြေစိုက်အားကစားမီဒီယာတစ်ခုဖြစ်တဲ့ Marca ရဲ့ဖော်ပြမှုအရ (၂၀၁၈-၁၉) ဘောလုံးရာသီရဲ့ လစာအများဆုံး အသုံးပြုခွင့်ရတဲ့ကလပ်အသင်းဟာ လက်ရှိချန်ပီယံဘာစီလိုနာအသင်းကရပ်တည်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ကစားသမားတွေအတွက်လစာပေးချေမှုအဖြစ် ယူရို (၆၃၂) သန်းကျော်အသုံးပြုခွင့်ရရှိခဲ့ပြီး၊ အဓိကကစားသမားစီရော်နယ်ဒိုကို ရောင်းချခဲ့တဲ့ရီးရဲယ်လ်မက်ဒရစ်အသင်းထက် လစာပမာဏယူရို (၆၆) သန်းပိုမိုအသုံးပြုခွင့်ရရှိခဲ့ပါတယ်။ ရီးရဲယ်လ်မက်ဒရစ် အသင်းကတော့ ဘာစီလိုနာရဲ့နောက်ဒုတိယနေရာမှာ ယူ ရို (၅၆၆) သန်းကျော်အသုံးပြုခွင့်ရရှိခဲ့ပြီး၊ ဘာစီလိုနာအသင်းနဲ့ ရီးရဲယ်လ်မက်ဒရစ်အသင်းတို့ရဲ့နောက်မှာတော့ အက်သလက်တီကိုမက်ဒရစ်အသင်းက ယူရို (၂၉၃) သန်းကျော်အသုံးပြုခွင့် ရရှိခဲ့သလို၊ လစာပမာဏအနည်းဆုံးအသုံးပြုခွင့်ရတဲ့ကလပ်အသင်းကတော့ ဗယ်လာဒိုးလစ်အသင်းက ယူရို(၂၃)သန်းကျော် သာ အသုံးပြုခွင့်ရ ရှိခဲ့ပါတယ်။

စပိန်လာလီဂါရဲ့တာဝန်ရှိသူတွေအနေနဲ့ (၂၀၁၈-၁၉) ဘောလုံးရာသီမှာ ကလပ်အသင်း (၂၀) ရဲ့ လစာအသုံးပြုတဲ့ပမာဏတွေကိုကန့်သတ်ခဲ့ပြီး၊ ပြီးခဲ့တဲ့အပြောင်းအရွှေ့(၃)နှစ်တာကာလအတွင်းမှာ ၀င်ငွေ၊ ထွက်ငွေကို အချိုးကျအသုံးပြုနိုင်ခဲ့တဲ့ဘာစီလိုနာအသင်းက လစာပမာဏအများဆုံးအသုံးပြုခွင့်ရရှိခဲ့ပါတယ်။ ဒါ့အပြင်ဘာစီလိုနာ အသင်းဟာ အားကစားပြိုင်ပွဲတွေမှာရီးရဲယ်လ်မက်ဒရစ်အသင်းထက် အခန်းကဏ္ဍပိုမိုများ ပြားနေခဲ့ပြီး၊ အမျိုးသမီးဘောလုံး အသင်း၊ ဖူဆယ်အသင်း၊ ဘက်စကက်ဘောအသင်းနဲ့ အခြားသောအားကစား နယ်ပယ်တွေမှာလည်း ကဏ္ဍများစွာပါဝင် နေခဲ့ပါတယ်။

ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ (၂၀၁၈-၁၉) ဘောလုံးရာသီမှာ စီရော်နယ်ဒိုကိုယူရို (၁၀၅) သန်းနဲ့ရောင်းချခဲ့ပြီး၊ အဆိုပါရောင်းချငွေဟာ လာမယ့်အနာဂတ်မှာရီးရဲယ်လ် မက်ဒရစ်အသင်းရဲ့ ဘောလုံးကွင်းကိုထပ်မံ အဆင့်မြင့်တင်နိုင်ဖို့ အတွက် အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ စပိန်လာလီဂါပြိုင်ပွဲမှာဘာစီလိုနာအသင်းဟာ လစာအများဆုံးအသုံးပြုခွင့်ရရှိခဲ့တဲ့အသင်းအဖြစ်ရပ်တည်ခဲ့သလို၊ စပိန်ဒုတိယ တန်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဆီဂန်ဒါပြိုင်ပွဲမှာတော့ မာလာဂါအသင်းက လစာပမာဏအများဆုံးအသုံးပြုခွင့် ရရှိတဲ့ကလပ်အသင်း အဖြစ်ရပ်တည်ခဲ့ပါတယ်။

 

 

 

Related News