လက်ရှိနော်ဝေကလပ် ရိုဆန်ဘော့အသင်းမှာကစားနေတဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်းဘန်တနာဟာ တက္ကဆီ သမားတစ်ဦးကိုထိုးကြိတ်ခဲ့တဲ့အတွက် ထောင်ဒဏ်ရက် (၅၀) ကျခံရမှာဖြစ်ပါတယ်။ နိုင်ငံတကာအားကစားသတင်း အယ်ဒီတာက ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဘန်တနာဟာ ပြီးခဲ့တဲ့စက်တင်ဘာလ (၉)ရက် မနက် (၂) နာရီကျော်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ချစ် သူနဲ့ Night Out ထွက်ရင်း တက္ကဆီသမားတစ်ဦးနဲ့စကားများရန်ဖြစ်ရာမှ တက္ကဆီသမားကို မေးရိုးကျိုးတဲ့အထိ ထိုးကြိတ်ခဲ့တာ ဖြစ်ပါတယ်။ ဘန်တနာဟာအဲဒီအဖြစ်အပျက်ဖြစ်ပွားပြီး မကြာခင်မှာ ပြန်လည်တောင်းပန်မှုပြု လုပ်ခဲ့ပေမယ့် ကိုပင်ဟေဂင် တရားရုံးက CCTV မှတ်တမ်းပြန်လည်ကြည့်ရူပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ်ရက် (၅၀) ကျခံဖို့ ပြစ်ဒဏ်ချခဲ့ပါတယ်။ ဒါပေမဲ့ပြစ်ဒဏ်က ယခုကျခံရမှာမဟုတ်ပဲ အယူခံဝင်ခွင့်ရှိနေတဲ့အတွက်ဆိုင်းငံ့ပေးထားမှာ ဖြစ်ပါတယ်။

ဘန်တနာဟာ တက္ကဆီခ (၄.၈) ပေါင်ပေးရမှာကိုမကျေမနပ်ဖြစ်ခဲ့ပြီး စကားများရာကနေ တက္ကဆီသမားကို လက်သီးနဲ့ထိုးခဲ့တာဖြစ်ပါတယ်။ ဘန်တနာကတော့ ခိုက်ရန်ဖြစ်ပွားချိန် မှာအရက်မူးနေကြောင်းဝန်ခံခဲ့ပေမယ့် သူ့ကို ခြိမ်းခြောက်နေတယ်လို့ခံစားရတာကြောင့် စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် စကားများ နေချိန်မှာ တက္ကဆီသမားက ရှေ့ကိုတိုးလာခဲ့တဲ့အတွက် ကာကွယ်မှုအဖြစ် ထိုးကြိတ်တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘန်တနာရဲ့ လက်သီးနဲ့ ထိုးမှုကြောင့် တက္ကဆီသမား မေးရိုးကျိုးခဲ့သလို တက္ကဆီသမား လဲကျနေချိန်မှာ ကန်ကျောက်ခဲ့ကြောင်း CCTV မှတ်တမ်းတွေမှာ တွေ့ရှိခဲ့ပါတယ်။

ဘန်တနာကို ကိုပင်ဟေဂင် တရားရုံးက ထောင်ဒဏ်အပြင် တက္ကဆီသမားကို လျော်ကြေးပေါင်(၁၃၃၀)ပေးချေဖို့လည်း ပြစ်ဒဏ်ချခဲ့ပါတယ်။ ဒါ့အပြင် တက္ကဆီသမား အနေနဲ့လည်း ကားမောင်နေချိန်မှာ ဖုန်းပြောမှုနဲ့ ထိုင်ခုံခါးပတ် ပတ်ထားခြင်းမရှိမှုတို့အတွက် ဒဏ်ကြေး(၃၅၅)ပေါင် ပေးဆောင်ရမှာဖြစ်ပါတယ်။ ရိုဆန်ဘော့အသင်းကတော့ ဘန်တနာရဲ့အပြုအမူဟာ အသင်းအတွက်ရော၊ သူ့အတွက်ပါ ကောင်းတဲ့အပြုအမူမဟုတ်ပေမယ့် အသင်းသားတစ်ဦးအဖြစ် ဆက်ရှိမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဘန်တနာက ပြောကြားရာမှာ မိမိရဲ့ပြစ်မှုအတွက် အသင်းပရိသတ်တွေ၊ အသင်းဖော်တွေကို တောင်းပန်ကြောင်း၊ အခုချိန်အဖြစ်အပျက် ဖြစ်ပွားချိန်မှာတောင် မိမိအပေါ် အားပေးထောက်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် "မိမိဟာ ဖိုက်တာတစ်ဦးမဟုတ်ပေမယ့် ကိုယ်ချစ်တဲ့သူတွေအတွက် ကွင်းတွင်းမှာရော၊ ကွင်းပြင်မှာပါ အကောင်းဆုံးကာကွယ်သွားမှာ ဖြစ်ကြောင်း" တက္ကဆီသမားကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ထပ်မံပြောကြားခဲ့ပါတယ်။

 

 

Related News